Skip to main content

ကိုဗစ်-၁၉ ရောဂါအပါအဝင် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများမှ ကာကွယ်ရေး ပြည်သူလူထုသို့ အသိပေးတိုက်တွန်းနှိုးဆော်ချက်

၁။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး JN.1 ကူးစက်မှုကြောင့် ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံအချို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များပြားခဲ့ပါသည်။ မိမိတို့နိုင်ငံ၌လည်း JN.1 ကူးစက်မှုအား အတည်ပြုတွေ့ရှိထားပြီးဖြစ်ကာ လတ်တလောကာလတွင် ကိုဗစ်-၁၉ ရောဂါအပတ်စဉ်ပိုးတွေ့ရှိရမှု အနည်းငယ်မြင့်တက်နေသည်ကို တွေ့ရပါသည်။ 

၂။ သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါအပါအဝင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် တစ်ကိုယ်ရေကာကွယ်ရေးစည်းမျဉ်းစည်းကမ်းများ အထူးသဖြင့် အောက်ပါအခြေအနေများတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်သင့်ပါကြောင်း အသိပေးတိုက်တွန်းအပ်ပါသည်-

(က) လူထူထပ်သောနေရာ၊ အလုံပိတ်နေရာ၊ လေဝင်/လေထွက်မကောင်းသော နေရာများတွင် ရှိနေချိန် (လူတစ်ဦးနှင့် တစ်ဦး ၃ ပေခြား၍ နေထိုင်ရန် မဖြစ်နိုင်သော အခြေအနေ)၊

(ခ) အများပြည်သူအသုံးပြုသော မော်တော်ယာဉ်၊ မီးရထား၊ သင်္ဘော၊ လေယာဉ်စသည့် ယာဉ်များဖြင့် ခရီးသွားလာခြင်း၊

(ဂ) ဆေးရုံ/ကျန်းမာရေးဌာနများနှင့် ဘိုးဘွားရိပ်သာများသို့ သွားရောက်ခြင်း၊

(ဃ) ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် သေဆုံးနိုင်ခြေမြင့်မားသူများ (အသက်အရွယ်ကြီးသူများ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချို၊ သွေးတိုးရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါ၊ ဦးနှောက်သွေးကြောဆိုင်ရာရောဂါ၊ ပန်းနာရင်ကျပ်ရောဂါရှိသူများ၊ ကိုယ်ခံအားနည်းသူများ၊ အဝလွန်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသူများ၊ အထွေထွေကျန်းမာရေး မကောင်းသူများ)၊

(င) ကိုဗစ်-၁၉ ရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများဖြစ်သော ဖျားခြင်း၊ နှာစေးခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း စသည့် လက္ခဏာများ ရှိခြင်း။

၃။ ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ပြင်းထန်နိုင်ခြေနှင့် သေဆုံးနိုင်ခြေအား လျှော့ချနိုင်သည်ဖြစ်၍ ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် သေဆုံးနိုင်ခြေမြင့်မားသော အသက်အရွယ်ကြီးသူများ၊ နာတာရှည်ရောဂါအခံရှိသူများနှင့် ကိုယ်ခံအားနည်းနေသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှု ခံယူကြရန်နှင့် ကိုဗစ်-၁၉ ရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာတစ်ခုခု ခံစားနေရပါက အခြားသူများသို့ ကူးစက်မှုမရှိစေရေး လူထူထပ်သော နေရာများနှင့် အလုံပိတ်နေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ကြရန်နှင့် မသက်သာပါက နီးစပ်ရာကျန်းမာရေးဌာနများ၌ လိုအပ်သော ဆေးကုသမှု ခံယူကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

၁-၂-၂၀၂၄