Skip to main content

သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၃၁

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် Theatre ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်သည်။

ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်က အနာဂတ်မျိုးဆက်သစ်လူငယ်များအနေဖြင့် အဂတိလိုက်စားမှု၏ အန္တရာယ်နှင့် သဘောသဘာဝများကို သိရှိရှောင်ကြဉ်နိုင်စေရန်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် တစ်ဦးတစ်ယောက်မှစပြီး ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်၊ ကျောင်းသားလူငယ်များအနေဖြင့် အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်း တို့အကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှုကို မှန်ကန်စေရန်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် နိုင်ငံ့သားကောင်းများ ဖြစ်တည်စေရန်နှင့် အဂတိလိုက်စားမှုကို လုံးဝသည်းမခံသော ယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်းစေရန် ရည်ရွယ်ပါကြောင်း။

အဂတိလိုက်စားမှုသည် “လာဘ်ပေးလာဘ်ယူမှုထက် ပိုမိုကျယ်ပြန့်ပါကြောင်း၊ အဂတိလိုက်စားမှုများကို တိုက်ဖျက်ရန်အတွက် ဖြောင့်မတ်တည်ကြည် ဦးစွာတည်ဆောက်ရန်လိုကြောင်း၊ ဖြောင့်မတ်တည်ကြည်မှု မြင့်မားလာပါက အဂတိလိုက်စားမှု လည်း လျော့နည်းကျဆင်းသွားနိုင်ပါကြောင်း၊ မျိုးဆက်သစ်လူငယ်များ ဖြောင့်မတ်တည်ကြည်မှုရှိသော လူမှုအသိုက်အဝန်းဖြစ်လာစေရန် စဉ်းစားတွေးခေါ်မှုနှင့် ကျင့်ဝတ်လိုက်နာမှုများကို ငယ်စဉ်ကတည်းက စာသင်ကျောင်းများတွင် စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် လူမှုကျင့်ဝတ်များကို လေးစားလိုက်နာလျက် ဖြောင့်မတ်တည်ကြည်မှုကို ကိုယ်ပိုင်အသိတရားဖြင့် လက်တွေ့ကျင့်သုံးကာ လူ့အဖွဲ့အစည်းအပေါ် မှန်ကန်ကောင်းမွန်သော အတွေးအမြင်များဖြင့် ဖန်တီးပုံဖော်ကြရန် တိုက်တွန်းပြောကြားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးက အဂတိလိုက်စားမှု၏ သဘောသဘာဝများနှင့် အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း၊ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် တားဆီးကာကွယ်ရေး၏ အရေးပါပုံ၊ ညွှန်ကြားရေးမှူး ဦးအောင်ခန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုမြတ်နိုင်က ကျင့်ဝတ်စံနှုန်းနှင့် ဖြောင့်မတ်တည်ကြည်မှု၊ သဘာဝပတ်ဝန်းကျင်နှင့်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြရာ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်