နေပြည်တော် ဇန်နဝါရီ ၃၁
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တောင်ဘက်အစွန်းဆုံးရှိ ဆားကုန်ဘုတ်ကျေးရွာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင်ကျေးရွာအတွင်းဝင်ရောက်ကာ နေအိမ်များ မီးရှို့နေပြီးကျေးရွာရှိ စားနပ်ရိက္ခာများကို ယူဆောင်နေကြကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းက ဆားကုန်ဘုတ် ကျေးရွာအတွင်းမှ AA သောင်း ကျန်းသူများက လူနေအိမ်များကို အကာအကွယ်ယူ ချောင်းမြောင်းတိုက်ခိုက်ခဲ့ပြီး နေအိမ်များကို မီးရှို့ထွက်ပြေးသွားခဲ့ခြင်းကြောင့် ဆားကုန်ဘုတ်ကျေးရွာအတွင်း မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက် သောင်းကျန်းသူများသည် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်နှင့် လူမှုစီးပွားဘဝကို ပျက်စီးစေရန် လုပ်ဆောင်လျက်ရှိရာ ယခုဖြစ်စဉ်တွင်လည်း ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များကိုဖုံးကွယ်ရန်နှင့် တပ်မတော်အပေါ် ဒေသခံပြည်သူများမှ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက် မီဒီယာများမှတစ်ဆင့်လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းတု၊ သတင်းမှားများကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်