Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ ခရိုင် ၃၅ ခု၊ မြို့နယ်ပေါင်း ၁၂၅ မြို့နယ်အတွင်း အိမ်ခြေပေါင်း ၃၄၀၀၀ ကျော်မှ ပြည်သူ ၁၂၀၀၀၀ ကျော်အား မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာများပေးခဲ့

ရန်ကုန် ဇန်နဝါရီ ၃၀

ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနအနေဖြင့် နိုင်ငံတော်အတွင်း မီးလောင်/ မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံတစ်ဝန်း အရှိန်အဟုန်မပျက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပွင့်လင်းရာသီကာလသို့ ကူးပြောင်းလာချိန်၌ အများပြည်သူသိရှိလိုက်နာဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ ခရိုင် ၃၅ ခု၊ မြို့နယ်ပေါင်း ၁၂၅ မြို့နယ်၊ အိမ်ခြေပေါင်း ၃၄၀၀၀ ကျော်တွင် နေထိုင်သည့် အများပြည်သူ ၁၂၀၀၀၀ ကျော်အား မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာများ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးလုံခြုံရေးဆိုင်ရာလုပ်ငန်းများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၂ ရက်မှ ၂၉ ရက်အထိ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ ခရိုင် ၃၅ ခု၊ မြို့နယ်ပေါင်း ၁၂၅ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာ အုပ်စုပေါင်း ၁၈၅ အုပ်စုတို့မှ အိမ်ခြေပေါင်း ၃၄၀၀၀ ကျော်၊ အိမ်ထောင်စု ၄၃၆၉၁ စု၊ လူဦးရေ ၁၂၂၁၇၂ ဦးတို့အား မီးသတိမူရေးဆိုင်ရာနှိုးဆော်ခြင်း၊ မီးဘေးလုံခြုံရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းတို့ကို တစ်အိမ်တက်ဆင်းလိုက်လံ စစ်ဆေး/ သတိပေးခြင်းနှင့် အသိပညာပေးခြင်းတို့ကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၉၆၂ ဦး၊ ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင် ၆၆၇ ဦးတို့ဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့်အတူ မီးဘေးလုံခြုံရေးဆိုင်ရာ လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

အလားတူ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးတို့ ဦးဆောင်မှုဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ်(၁၈)၊ (၂၁)၊ (၂၃)၊ (၂၄)၊ (၅၄) ရပ်ကွက်အတွင်းရှိ အဆင့်မြင့်လူနေအိမ်များ၊ အထပ်မြင့်အိမ်ရာများ၊ လူအများစုဝေးအပန်းဖြေရာနေရာများ၊ စီးပွားရေးလုပ်ငန်းများနှင့် စက်မှုဇုန်လေးဇုန်ရှိ စက်ရုံ/ အလုပ်ရုံများကိုလည်း စစ်ဆေးအကြံပြု အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်၌ ကုန်ထုတ်အရင်းအနှီးများ စီးဆင်းစုဝေးတည်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးရုံကြီးများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ညိမ်းသူ (သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး