ရန်ကုန် ဇန်နဝါရီ ၃၀
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ် ဝရဒါဌာဓာတုစေတိယစွယ်တော်မြတ်စေတီတော် (ရန်ကုန်) သို့ ရောက်ရှိပြီး စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ သစ်သီးဆွမ်းများဆက်ကပ်လှူဒါန်း၍ ဖူးမြှော်ကြည်ညိုပြီး ဂေါပကအဖွဲ့များကို လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့နယ် အမှတ် (၁၂) စကားဝါလမ်းရှိ တိပိဋကနိကာယကျောင်းတိုက်သို့ ရောက်ရှိပြီး (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သော (၁၆) ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တံဆိပ်တော် ရရှိတော်မူသည့် သာသနာ့အာဇာနည်ဆရာတော် ဘဒ္ဒန္တပညာသိရီလင်္ကာရအား ဖူးမြှော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများလျှောက်ထား၍ ပြည်ထောင်စုဝန်ကြီးသည် ဆရာတော်အား နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ အမှတ် (၆၀၄/၆၀၈) ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ်ရှိ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် စာအုပ်စင်ခန်းကို ကြည့်ရှုစစ်ဆေးရာ အခန်းတာဝန်ခံက ရွေ့လျားစာအုပ်စင်များဖြင့် ၁၉၆၀ ပြည်နှစ်မှ ၂၀၁၆ ခုနှစ်အထိ ထုတ်ဝေခဲ့သည့် စာအုပ်များအနက်မှ စာအုပ်ပေါင်း (၅) သိန်းကျော်ကို စုဆောင်းထိန်းသိမ်းထားကြောင်း၊ စာအုပ်ဖတ်ရှုလိုသူများအတွက် Online ကတ်တလောက်များမှ ရှာဖွေ၍ စာကြည့်တိုက်မှူးများမှတစ်ဆင့် ငှားရမ်းဖတ်ရှုနိုင်အောင် ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် CCTV Room ၊ Data Centre၊ အမှတ်တရပစ္စည်းအရောင်းဆိုင်တို့ကိုလည်းကောင်း၊ ပထမထပ်ရှိ Digital Library Room၊ Audio/Video Room နှင့် Multimedia Room တို့ကိုလည်းကောင်း၊ ဒုတိယထပ်ရှိ အထွေထွေစာဖတ်ခန်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အမျိုးသားစာကြည့်တိုက် (ရန်ကုန်) မြေညီထပ်ရှိ ပြပွဲခန်းမတွင် စာအုပ်ထုတ်ဝေရေးအသင်း၊ စာအုပ်တိုက်များနှင့်ပူးပေါင်း၍ စာအုပ်ပြပွဲများ၊ စာအုပ်ဈေးပွဲတော်များ ဆောင်ရွက်သွားရန်မှာကြားသည်။
အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အနေဖြင့် Confrence Hall တွင် လူ (၂၅၀) ခန့် အသုံးပြုနိုင်သည့် အခမ်းအနားများ ကျင်းပနိုင်ရန်နှင့် ခေတ်မီ Digital ဝန်ဆောင်မှုများကို ဖန်တီးဆောင်ရွက်ထားရှိပြီး Online နှင့် Offline ဝန်ဆောင်မှုများပေးလျက်ရှိသည်။ ကလေးစာကြည့်တိုက်တွင် ကလေးများအတွက် ကလေးစာပေဆိုင်ရာ စာအုပ်များ၊ ပုံပြောခန်းများ စီစဉ်ဆောင်ရွက်ပေးထားခြင်းအပြင် Audio Video Room တွင် မှတ်တမ်းရုပ်ရှင်နှင့် သတင်းကားများ၊ မြန်မာ့ယဉ်ကျေးမှုနှင့် တိုင်းရင်းသားဓလေ့ဆိုင်ရာ Documentary Film များ အပတ်စဉ်/ လစဉ်ပြသ မည့်အစီအစဉ်များကို စီစဉ်ဆောင်ရွက်ထားရှိသည်။ အမျိုးသား စာကြည့်တိုက်ပိုင်စုဆောင်းထားသည့် စာပေဆိုင်ရာ e-Resources များအား အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ၏ Website www.nlm.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
သတင်းစဉ်