Skip to main content

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၁/၂၀၂၄) အစည်းအဝေးနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) Consultation Meeting ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၃၀

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၁/၂၀၂၄) အစည်းအဝေးနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) ဆိုင်ရာ အကြုံပြုအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ Max Hotel ၌ ကျင်းပသည်။

ဉီးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (National Strategic Plan for the Advancement of Women NSPAW) Phase II (၂၀၂၃-၂၀၃၂) ရေးဆွဲရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက NSPAW Phase II (၂၀၂၃-၂၀၃၂) ရေးဆွဲထားရှိမှုအပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ NSPAW ဦးဆောင်ကော်မတီဝင်များ၏ သဘောထားမှတ်ချက်များ၊ အကြံပြုချက်များရယူပြီး အတည်ပြုနိုင်ရန်၊ NSPAW Phase II ပါ လုပ်ငန်းစဉ်များအပေါ် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် အမျိုးသမီးကော်မတီများနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းများ၏ အမြင်၊ သဘောထားများပါဝင်နိုင်စေရန်နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်၊ အမျိုးသမီးကော်မတီများက သက်ဆိုင်ရာကော်မတီများအလိုက် CEDAW , NSPAW Phase II တို့နှင့် စပ်လျဉ်းပြီး အသိပညာပေးဆောင်ရွက်နိုင်ရန် အစည်းအဝေးခေါ်ယူခြင်းဖြစ်ပါကြောင်း၊ နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ရှိသော အမျိုးသမီးများ၏ အင်အားဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို တစ်ဖက်တစ်လမ်းမှ ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်ဖွဲ့စည်းထားရှိသည့် အမျိုးသမီးကော်မတီများအနေဖြင့်လည်း ချမှတ်ထားသည့် မူဝါဒများ၊ လုပ်ငန်းတာဝန်များနှင့်အညီ အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာကော်မတီဝင် ဌာနဆိုင်ရာများနှင့် ပူးပေါင်းညှိနှိုင်းချိတ်ဆက်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၂/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူးများက 6th CEDAW Report နှင့် NSPAW Phase II လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင် ဒုတိယဝန်ကြီးများက အကြံပြုဆွေးနွေးကြသည်။

အစည်းအဝေးဒုတိယပိုင်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က "အာဆီယံနိုင်ငံများရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံအဆင့်ယန္တရားများ ခိုင်မာအားကောင်းလာစေရေး အလုပ်ရုံဆွေးနွေးပွဲ"နှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။ တိုင်းဒေသကြီး/ ပြည်နယ် အမျိုးသမီးကော်မတီများနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာနများမှ ကျား၊ မရေးရာတာဝန်ခံများက NSPAW Phase II ရေးဆွဲထားရှိမှုအပေါ် အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်