Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သမဝါယမဦးစီးဌာန၏ လယ်ယာဝန်ဆောင်မှု သရုပ်ပြရှင်းလင်းပွဲနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ စီမံကိန်းသင်တန်းဆင်းပွဲ တက်ရောက်

နေပြည်တော် ဇန်နဝါရီ ၃၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ရှားချောင်းကျေးရွာရှိ ကောင်းသစ်စိုက်ပျိုးရေးသမဝါယမအသင်း၌ အဆိုပါ သမဝါယမအသင်းနှင့် John Deere ကုမ္ပဏီလိမိတက်တို့ အကျိုးတူပူးပေါင်း၍ John Deere ထွန်စက်များဖြင့် သမဝါယမလယ်ယာဝန်ဆောင်မှု သရုပ်ပြရှင်းလင်းပွဲသို့ တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာပေါင်း (၃၅) ရွာ စိုက်ပျိုးမြေ (၃၁၂၆) ဧကတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမစနစ် နွေစပါးစိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်ဘဏ္ဍာနှစ် (၂) နှစ်အတွင်း ဒေဒေါင်းထွန်စက် (၁၃၅) စီး၊ ရိတ်သိမ်းခြွေလှေ့စက် (၁)စီး ပံ့ပိုးပေးခဲ့ပြီး စုစုပေါင်းလယ်ယာမြေ (၂၇၇၁၈) ဧကကို သက်သာသောနှုန်းထားဖြင့် ထွန်ယက်ပေးခဲ့သောကြောင့် သမဝါယမအသင်းသားတောင်သူများ အကျိုးများစွာ ရရှိခဲ့ပါကြောင်း၊ ယခုရာသီတွင် နေပြည်တော်သမဝါယမအသင်းပိုင် ထွန်စက် (၄) စီး၊ နိုင်ငံတော်မှပံ့ပိုးထားသည့် ထွန်စက် (၂၁) စီးနှင့် John Deere ကုမ္ပဏီမှ ထွန်စက် (၁) စီး၊ စုစုပေါင်းထွန်စက် (၂၆) စီးဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များအလိုက် ထွန်ယက်စိုက်ပျိုးပေးသွားမည်ဖြစ်၍ အသင်းသားတောင်သူများက နည်းစနစ်မှန်မှန်ဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မိသားစုဝင်ငွေတိုးပွားရေးတို့အတွက် အလေးထားကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမအသင်းအဖွဲ့ စနစ်ဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် Capital Automotive Limited မှ CEO က လယ်ထွန်စက်များ၏ စက်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ကောင်းသစ်စိုက်ပျိုးရေးသမဝါယမအသင်းမှ အသင်းသားတောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကောင်းသစ်စိုက်ပျိုးရေးသမဝါယမအသင်းနှင့် John Deere ကုမ္ပဏီလိမိတက်တို့ အကျိုးတူပူးပေါင်း၍ John Deere ထွန်စက်များဖြင့် သမဝါယမ လယ်ယာဝန်ဆောင်မှု သရုပ်ပြထွန်ယက်နေမှုကို ကြည့်ရှုအားပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ကျည်တောင်ကန်ကျေးရွာ၊ ညောင်လူးကျေးရွာ၊ ကျောက်စရစ်ကုန်းကျေးရွာ၊ အေးမြင့်သာယာစံပြကျေးရွာ၊ ဇလောင်း (တောင်) ကျေးရွာ၊ ဝဲကြီးကျေးရွာနှင့် မွန်းတည့်ခွင်ကျေးရွာတို့တွင် ဖွင့်လှစ်ခဲ့သည့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးပြုပြင်ခြင်းသင်တန်း၊ စက်ချုပ်နည်းပညာ သင်တန်း၊ ဝါးအခြေခံလက်မှု ထည်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းများ၏ သင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲသို့ တက်ရောက်သည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဌတို့က အမှာစကားများ ပြောကြားကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကျည်တောင်ကန်ကျေးရွာမှ ထူးချွန်သင်တန်း သား (၅) ဦးအတွက် ဆိုင်ကယ်ပြင်ပစ္စည်းများဖြစ်သည့် အဲယားကွန်ပရက်ဆာ၊ ဖိအားမြှင့်ရေဖြန်းစက်၊ လက်သုံးကိရိယာများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ညောင်လူးကျေးရွာမှ ထူးချွန်သင်တန်းသား (၅) ဦးအတွက် အိမ်သုံးလျှပ်စစ်ပြုပြင်ပစ္စည်းများဖြစ်သည့် လက်ကိုင်ကျောက်စက်၊ ကွန်ကရစ်ဖောက်စက်၊ အုမ်းတိုင်းကိရိယာစက်များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များက ထူးချွန်သင်တန်းသား သင်တန်းသူများကို အပ်ချုပ်စက်များ၊ ဓားစက်များ၊ ဘီတင်စက်များ၊ Miter Saw စက်များနှင့် Sander စက်များကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက ထူးချွန်သင်တန်းသား သင်တန်းသူများအား Digital ကတ္တားစက်များ၊ Digital Scale စက်များ၊ ရေခဲမုန့်ကြိတ်စည်များ၊ Freezer စက်များ၊ Blender စက်များ၊ အိမ်သုံးလျှပ်စစ်ပြုပြင်ပစ္စည်း Tool Box များကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။

ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက ကျေးရွာ (၇) ရွာမှ သင်တန်းသား၊ သင်တန်းသူများထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်