ကျိုက်ထို ဇန်နဝါရီ ၂၈
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် နေ့စဉ်လာရောက်ဖူးမြော်နေကြပြီး ယခုဇန်ဝါရီလအတွင်း လာရောက်ဖူးမြော်သူအများဆုံးဖြင့် စည်ကားလျက်ရှိကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။
“သီတင်းကျွတ်လပြည့်နေ့ကနေ ဇန်နဝါရီ ၂၆ ရက်အထိ ဘုရားဖူး နှစ်သိန်းကိုးသောင်းကျော် ရှိပါပြီ။ ပြည်ပဘုရားဖူးက ခြောက်ထောင့်ငါးရာကျော် ရှိပါတယ်။ နိုင်ငံခြားသား ပြည်ပဘုရားဖူးတွေထဲမှာ ထိုင်းနိုင်ငံက အများဆုံးပါ။ ဒီနှစ် ဇန်နဝါရီလတစ်လလုံးမှာ ဘုရားဖူးအများဆုံးလာကြတယ်။ တစ်သိန်း တစ်သောင်းကျော်ရှိပြီ။ နှစ်စဉ်ဒီလကတော့ ဘုရားဖူးများတဲ့ကာလပါပဲ။ အခုလို စနေ၊ တနင်္ဂနွေပိတ်ရက်တွေမှာအများဆုံး လာကြပါတယ်” ဟု ဘဏ္ဍာတော် ထိန်း ဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးတင်စိုးက ပြောသည်။
နေ့စဉ်ပြေးဆွဲပေးနေ
ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ၊ အန္တရာယ်ကင်းဝေးစေရန်နှင့် စိတ်ချမ်းမြေ့စွာ ဘုရား ဖူးမြော်နိုင်ရန်အတွက် စေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများကလုံခြုံရေး၊ အခမဲ့တည်းခိုနေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်တက် မော်တော်ယာဉ်အစီးရေ ၁၅၀ ကိုလည်း နေ့စဉ် ပြေးဆွဲပေးနေကြောင်း သိရသည်။
ဘုရားဖူးများဖြင့်စည်ကား
ဘုရားဖူးပြည်သူများ စည်ကားများပြားသည့် အတွက် ကျိုက်ထီးရိုးတောင်တော်တစ်လျှောက် အထင်ကရနေရာများဖြစ်သည့် မုဆိုးတောင်တော်၊ ကျီးကန်းပါးစပ်လိုဏ်ဂူတော်၊ ကျောက်ထပ်ကြီး စေတီတော်၊ ရေတံခွန် စသည့်နေရာများ၊ ရင်ပြင်တော် ဈေးဆိုင်တန်းတစ်လျှောက်ရှိ ထမင်းဆိုင်များ၊ အမှတ်တရအရောင်းဆိုင်များ၌ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိသည်။
ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်မြတ်ကြီး ၌ ဇန်နဝါရီ ၂၇ ရက်နှင့် ၂၈ ရက် (စနေ၊တနင်္ဂနွေ) ပိတ်ရက်နှစ်ရက်တွင် ပြည်တွင်း၊ ပြည်ပမှဘုရားဖူးလာ ပြည်သူလေးသောင်းခွဲခန့် လာရောက်ဖူးမြော် ခဲ့ကြကြောင်း ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ မှတ်တမ်းအရ သိရသည်။
မြို့နယ် (ပြန်/ဆက်)