နေပြည်တော် ဇန်နဝါရီ ၂၈
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်များတွင် ကုန်သွယ်မှုတိုးမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၃) ညီလာခံခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်နှင့်အညီ ကုန်သွယ်မှု လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ လျာထားချက်များ ပြည့်မီစေရေးအတွက် ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ လက်ကျန်ကာလများဖြစ်သည့် ဖေဖော်ဝါရီလ၊ မတ်လနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်များတွင် အားထုတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုကာလသည် ပွင့်လင်းရာသီ ရောက်ရှိလာကာ နိုင်ငံတွင်းစိုက်ပျိုးထုတ်လုပ်သည့် လယ်ယာထွက်သီးနှံများ အများစုထွက်ပေါ်ချိန်ဖြစ်ခြင်း၊ ရေထွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ခြင်း၊ စက်မှုကုန်ချောလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ သတ္တုတွင်းထွက် ကုန်ချောလုပ်ငန်းများလည်း တင်ပို့မှုပိုမိုချိတ်ဆက် လာနိုင်ခြင်းစသည့် အခြေအနေကောင်းများကို မဏ္ဍိုင်ပြုပြီး ကုန်သွယ်မှုမြှင့်တင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ သက်ဆိုင်ရာ Buyer နိုင်ငံများနှင့် ကုန်သွယ်မှုဆောင်ရွက်ရာတွင် မျှတသည့်ကုန်သွယ်မှု၊ မှန်ကန်သည့် ကုန်သွယ်မှုဖြစ်စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကုန်သွယ်မှုဆောင်ရွက်ရာတွင် စီးပွားရေးဆိုင်ရာကျင့်ဝတ်များ လေးစားလိုက်နာပြီး ဥပဒေနှင့်အညီ ကြိုးစားအကောင်အထည်ဖော်ကြရန် တိုက်တွန်းလိုကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများကြောင့် ပြည်သူများအပေါ် ဖိစီးမှုမဖြစ် စေရန်နှင့် ကုန်သွယ်မှုလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်ရန် ပေါင်းစပ်ဆောင်ရွက်ရမည့် အစီအမံများကို အကျယ်တဝင့် ပြောကြားသည်။
ထို့နောက် ပို့ကုန်တိုးမြှင့်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အတွင်းရေးမှူး ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကုန်သွယ်မှုမြှင့်တင်ရေး သုံးသပ်တွေ့ရှိချက်နှင့် ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် သက်ဆိုင်ရာအသင်းအဖွဲ့များက ကဏ္ဍအလိုက် အသေးစိတ်ရှင်းလင်းတင်ပြဆွေးနွေးကြသည်။
အစည်းအဝေးသို့ ပြည်ပသို့ ပို့ကုန်ပစ္စည်း တင်ပို့မှုတွင် ထုတ်လုပ်မှု၊ သိုလှောင်မှု၊ သယ်ဆောင်မှု၊ ကုန်ချောထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှု အပိုင်းလိုက် တာဝန်ယူဆောင်ရွက်နေကြသည့် တာဝန်ရှိဌာနများ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ၊ သက်ဆိုင်ရာညီနောင်အသင်းအဖွဲ့ ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများ၊ ပို့ကုန်ပစ္စည်းကဏ္ဍအလိုက်တင်ပို့မှုတွင် ပေါင်းစပ်ဆောင်ရွက်ပေးနေသည့် Task Force အဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်