နေပြည်တော် ဇန်နဝါရီ ၂၈
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားသုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို Boxing Indoor Stadium လက်ဝှေ့အားကစား ရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှအုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများ၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာနများမှဝန်ထမ်းများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ယှဉ်ပြိုင်အနိုင်ရရှိ
ယနေ့ ပိုက်ကျော်ခြင်းပြိုင်ပွဲ ပွဲစဉ်များအဖြစ် (တတိယလုပွဲ) ပွဲစဉ်တွင် မြစ်ကြီးနားဇုန်က မကွေးဇုန်ကို နှစ်ပွဲ - တစ်ပွဲဖြင့်လည်းကောင်း၊ (ဗိုလ်လုပွဲ) ပွဲစဉ်တွင် မိတ္ထီလာဇုန်က ရန်ကုန်အရှေ့ပိုင်းဇုန်ကို နှစ်ပွဲ - တစ်ပွဲဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အကောင်းဆုံးပင့်ထောင် အားကစားသမားဆုရ မောင်ကောင်းစည်လင်း မကွေးဇုန်ကိုလည်းကောင်း၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အကောင်းဆုံးရိုက်ခုတ် အားကစားသမားဆုရ မောင်သီဟဇော် ရန်ကုန်အရှေ့ပိုင်းဇုန်ကိုလည်းကောင်း၊ အဏုမြူစွမ်းအင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အကောင်းဆုံးနောက်ထိန်းအားကစားသမားဆုရ မောင်ဇော်ပိုင် မြစ်ကြီးနားဇုန်ကိုလည်းကောင်း၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရ မောင်သက်နိုင်စိုး မိတ္ထီလာဇုန်ကိုလည်းကောင်း၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပိုက်ကျော်ခြင်းတတိယဆုရ မြစ်ကြီးနားဇုန်ကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ဒုတိယဆုရရန်ကုန်အရှေ့ပိုင်းဇုန်ကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ပထမဆုရမိတ္ထီလာဇုန်ကိုလည်းကောင်း ဆုများချီးမြှင့်ပေးအပ်ပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲဝင် အားကစားသမားများ၊ နည်းပြများနှင့် ဒိုင်လူကြီးများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားသည်။
ဂိုးပြတ်အနိုင်ရရှိ
ထို့ပြင် နံနက် ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကွာတားဖိုင်နယ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားကြရာ မကွေးဇုန်ကပြည်ဇုန်ကို တစ်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ နေပြည်တော်ဇုန်က ရန်ကုန်အရှေ့ပိုင်းဇုန်ကို ခြောက်ဂိုး - တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိပြီး ညနေပိုင်းပွဲစဉ်များတွင် မိတ္ထီလာဇုန်ကပုသိမ်ဇုန်ကို လေးဂိုး - သုံးဂိုးဖြင့်လည်းကောင်း၊ တောင်ကြီးဇုန်က မြစ်ကြီးနားဇုန်ကို သုံးဂိုး - ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိသည်။
ကြည့်ရှုအားပေး
အဆိုပါပွဲစဉ်များသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီမှ တာဝန်ရှိသူများ၊ အုပ်ချုပ်သူနည်းပြများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ ကြည့်ရှုအားပေးကြခဲ့ကြောင်း သိရသည်။
သတင်းစဉ်