နေပြည်တော် ဇန်နဝါရီ ၂၈
ရုရှားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနဝန်ကြီး မစ္စတာမက်ခ်ဆင်းရယ်ရှဲသငြိကော့ဗ်၏ ဖိတ်ကြားချက်အရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၇ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့ All-Russian Exhibition Center (VDNH – Exhibition of Achievements of National Economy)၌ ကျင်းပသည့် စတုတ္ထအကြိမ် ရုရှား - မြန်မာအစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် ရုရှားနိုင်ငံတကာဖိုရမ်နှင့် ကုန်စည်ပြပွဲသို့ တက်ရောက်သည်။
ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် ကော်မရှင်ပူးတွဲ ဥက္ကဋ္ဌများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှု၊ စွမ်းအင်၊ သတ္တု၊ ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ ပူးပေါင်ဆောင်ရွက်ရေးနှင့် ရုရှား - မြန်မာကျောင်းများ တည်ထောင်ရေးကိစ္စရပ်များကို ဆွေးနွေးသည်။
အဖွင့်အမှာစကားပြောကြား
ထို့နောက် ကော်မရှင်အစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေးကိုဆက်လက်ကျင်းပရာ မြန်မာဘက်မှ ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ရုရှားဘက်မှ ဥက္ကဋ္ဌစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနဝန်ကြီး မစ္စတာမက်ခ်ဆင်းရယ်ရှဲသငြိကော့ဗ်တို့က အဖွင့်အမှာစကားပြောကြားကြပြီး မြန်မာနိုင်ငံ နေပြည်တော်၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာတွင်ကျင်းပခဲ့သည့် တတိယအကြိမ်ကော်မရှင်အစည်းအဝေးနောက်ပိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်နှင့်သတ္တု၊ အဏုမြူစွမ်းအင် ငြိမ်းချမ်းစွာ အသုံးပြုရေး၊ ရာသီဥတုပြောင်းလဲမှု၊ ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ ဘဏ်နှင့်ငွေကြေး၊ စက်မှု၊ ခရီးသွားလာရေး၊ ပညာရေး၊ သိပ္ပံနှင့်ကျန်းမာရေး၊ ယဉ်ကျေးမှုနှင့် အားကစားအစရှိသည့် နယ်ပယ်များတွင် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးကြသည်။
ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာအိစ်ကန်ဒဲအာဇီဇော့ဗ်နှင့် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းတို့က နှစ်နိုင်ငံအကြား နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖြစ်ပေါ်တိုးတက်မှုအခြေ အနေများကို ဆွေးနွေးခဲ့ကြသည်။
လိုက်လံရှင်းလင်းပြသ
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနဝန်ကြီးက ရုရှားနိုင်ငံတကာဖိုရမ်နှင့် ကုန်စည်ပြပွဲရှိ “Feel Russia” ခရီးသွားလာရေးပြခန်းကို လိုက်လံရှင်းလင်းပြသပြီး နှစ်နိုင်ငံခရီးသွားလာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့သည်။
မွန်းလွဲပိုင်းတွင် စီးပွားရေးဖိုရမ်ကို ဆက်လက်ကျင်းပရာ ကော်မရှင်ပူးတွဲဥက္ကဋ္ဌများက အဖွင့်အမှာစကားပြောကြားကြပြီး နှစ်နိုင်ငံအစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များက ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ခရီးသွားလာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ဘဏ္ဍာရေးနှင့်သတင်းအချက်အလက် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ခေါင်းစဉ်တို့နှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် စီးပွားရေးအခွင့်အလမ်းများ၊ ဥပဒေ၊ နည်းဥပဒေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက ဥရောပ-အာရှ စီးပွားရေးကော်မရှင်၊ ပေါင်းစည်းမှု တိုးတက်ရေးဌာနမှ Ms. Gohar Barseghyan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် ဥရောပ - အာရှ စီးပွားရေးကော်မရှင်တို့အကြား လက်မှတ်ရေးထိုးပြီးဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာအရ ပူးပေါင်းဆောင်ရွက်မည့် နယ်ပယ်များဖြစ်သည့် စက်မှုနှင့်စိုက်ပျိုးရေးအခြေပြု စက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။
မွန်းလွဲပိုင်းတွင် ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းနှင့် Gorchakov Fund တို့ ပူးပေါင်းကျင်းပသည့် ရုရှား-အာရှ-ပစိဖိတ်ဒေသ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး စကားဝိုင်းဆွေးနွေးပွဲသို့တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။
ထို့ပြင် ရုရှား - အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ Mr. Ivan Polyakov နှင့် တွေ့ဆုံ၍ ရုရှားနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊ ရုရှားနှင့်မြန်မာနိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
အလားတူ ရုရှား-အာဆီယံ စီးပွားရေးကောင်စီမှ ရုရှားစီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံမှစီးပွားရေးလုပ်ငန်း ရှင်များအကြားသီးခြားတွေ့ဆုံ၍ စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ (Business Matching) ဆောင်ရွက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းများဖြစ်သည့် သဘာဝမြေသြဇာစက်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရေနံချက်စက်ရုံနှင့် တိရစ္ဆာန်အစာ ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရေးကိစ္စရပ်များနှင့် သတ္တုရှာဖွေတူးဖော်ရေးလုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ၏အကြံပေး မစ္စတာအန်တွန်ကိုဗျာ ကော့ဗ်နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
ထို့အတူ မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် Aquarius နည်းပညာကုမ္ပဏီရုံးချုပ်၌ ကျင်းပသည့် Aquarius နည်းပညာထုတ်ကုန်များ မိတ်ဆက်ရှင်းလင်းပြသပွဲသို့တက်ရောက်ပြီး ပူးပေါင်းဆောင်ရွက် နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့သည်။
သွားရောက်လေ့လာ
ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့သို့ရောက်ရှိနေစဉ်အတွင်း မော်စကိုမြို့ကာလုဂါမြို့နယ်ရှိ ရွှေစည်းခုံစေတီတော်အား သွားရောက်ဖူးမြော်ခဲ့ပြီး မော်စကိုမြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာခဲ့ကြသည်။
အဆိုပါ စတုတ္ထအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် ရုရှားနိုင်ငံတကာဖိုရမ်နှင့် ကုန်စည်ပြပွဲတို့သို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ စီးပွားရေးအသင်းအဖွဲ့များနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်