Skip to main content

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့အတွင်းသို့ ဝင်ရောက်နေရာယူ၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်ကြိုးပမ်းလျက်ရှိသည့် KIA ၊ TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမား များအား တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ချေမှုန်းပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၂၈

KIA ၊ TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အုပ်စုဖွဲ့လျက် ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အစိုးရ၏အုပ်ချုပ်မှုယန္တရားများရပ်တန့်စေရန် နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အများပြည်သူပိုင် အဆောက်အဦများနှင့် အများပြည်သူသွားလာလျက်ရှိသော လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲမီးရှို့ ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိရာမှ ဇန်နဝါရီ ၁၈ ရက်မှစ၍ မိုးမိတ်မြို့လုံခြုံရေးစခန်းများအား အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်လာခဲ့ပြီး မြို့နှင့်အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ ဆေးရုံနှင့် စာသင်ကျောင်းများ၊ လူနေအိမ်များနှင့် ဌာနဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်းစသည့် အကြမ်းဖက် အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်လာခဲ့သည်။

ထိုသို့လုပ်ဆောင်လျက်ရှိသည့် KIA ၊ TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်း ဖက်သမားများအား တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter– Terrorism Operation)ကို စစ်ကူ၊ စစ်ကြောင်းများ၊ အမြောက်နှင့် လက်နက်ကြီးပစ်ကူများဖြင့် ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲ (၁၆) ကြိမ်ဖြစ်ပွားခဲ့ပြီး မိုးမိတ်မြို့အား ဇန်နဝါရီ ၂၇ ရက်တွင် တပ်မတော် စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများသည် မိုးမိတ်မြို့၏ မြောက်ဘက်၊ အရှေ့မြောက်ဘက်နှင့် အရှေ့ဘက်များသို့ ကစဉ်ကလျားဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုးမိတ်မြို့နှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အကြမ်းဖက်သမားများအနေဖြင့် မိုးမိတ်မြို့အတွင်းသို့ ရောက်ရှိနေစဉ်အတွင်း စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ လူနေအိမ်များတွင် သဲအိတ်များစီ၍ ဘန်ကာများဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်အဆောက်အဦများအကြားနှင့် အများပြည်သူသွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်းများ၊ ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) နှင့်အညီ ချေမှုန်း တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရသည်။

ထိတွေ့မှုများဖြစ်ပွားစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သမားများထံမှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်း၊ ဗုံးသီးများ၊ အကြမ်းဖက်သမား ရုပ်အလောင်းအချို့နှင့် အကြမ်းဖက်လုပ်ငန်း များလုပ်ဆောင်ရာတွင် အသုံးပြုသည့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

KIA ၊ TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် လူနေအိမ်များ၊ ဘာသာရေးအဆောက်အဦများ၊ ဌာနဆိုင်ရာအဆောက်အဦများအား အကာအကွယ်ပြု၍ ဘန်ကာများဆောက်လုပ်တိုက်ခိုက်ခဲ့ခြင်း၊ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခဲ့ခြင်းတို့ကြောင့် မြို့တွင်းရှိ အဆောက်အဦများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ၎င်းတို့ထောင်ထားခဲ့သည့် မိုင်းများကြောင့် အများပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို နေရာအလိုက်၊ လမ်းများအလိုက် စနစ်တကျ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မိုးမိတ်မြို့အတွင်း နေရပ်စွန့်ခွာဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးနှင့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းပေးခြင်း၊ စာသင်ကျောင်း ပျက်စီးမှုများအား ပြန်လည်ပြုပြင်ပေးခြင်း၊ မိုင်းရှင်းလင်းပေးခြင်းများ စသည့်အကြမ်းဖက်သမားများကြောင့် ယိုယွင်းပျက်စီးခဲ့ရသည့်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံး ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။