နေပြည်တော် ဇန်နဝါရီ ၂၇
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့်ပတ်ဝန်း ကျင်ဆိုင်ရာတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘွဲ့ကြိုကျောင်းသား/ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆုချီးမြင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက နေပြည်တော်၊ ရေဆင်းရှိ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရန်အောင်မြင်အမျိုးသားဆောင်၌ ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
ဉီးစွာ ပြည်ထောင်စုဝန်ကြီးက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနရှိ တာဝန်ရှိသူများ တက္ကသိုလ်ရှိ ဆရာ/ဆရာမများ မောင်မယ်သစ်လွင်နှင့် ယခင်က ရောက်ရှိနေသည့် ကျောင်းသား/ကျောင်းသူများအားလုံး အပြန်အလှန်ရင်းနှီးကျွမ်းဝင်စေရန်နှင့် နွေးထွေးစွာကြိုဆိုသည့်အနေဖြင့် ယခုအခမ်းအနားကို ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ သစ်တောသစ်ပင်များသည် လူသားနှင့်သက်ရှိများအားလုံးအတွက် အမျိုးမျိုးသော ဝန်ဆောင်မှုများ ထောက်ပံ့ပေးလျက်ရှိပြီး နောင်အနာဂတ် မျိုးဆက်များအတွက်ပါ လက်ဆင့်ကမ်းအမွေပေး နိုင်ရေးအတွက် ထိန်းသိမ်းကာကွယ်ကြရမှာဖြစ်ကြောင်း၊ သစ်တောများ ထိန်းသိမ်းကာကွယ်ရန်အတွက် သစ်တောပညာရှင်များ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ တက္ကသိုလ်အဆင့် သစ်တောပညာသင်ကြားမှုကို ၁၉၂၃ ခုနှစ်တွင် စတင်ခဲ့ရာ ၂၀၂၃ ခုနှစ်တွင် နှစ် ၁၀၀ ပြည့်ပြီဖြစ်ကြောင်း၊ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အထိ အရည်အချင်းပြည့်မီသော သစ်တောသိပ္ပံ ဘွဲ့ရ ၃၀၅၂ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ပြည်တွင်း/ပြည်ပ တက္ကသိုလ်များတွင် ဆက်လက်လေ့လာသင်ယူ၍ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ရရှိခဲ့သူများစွာရှိကြောင်း၊ မောင်တို့မယ်တို့အနေဖြင့်လည်း မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွာရောက်ရှိအောင် ရိုးသားကြိုးစာပြီး စိတ်ဓာတ်ကောင်းစွာဖြင့် ထူးချွန်ထက်မြက်သူများဖြစ်အောင် ဆရာ/ဆရာမများ၏ ဆုံးမစကားကိုနာယူ၍ ကြိုးစား အားထုတ်စေလိုကြောင်း မှာကြားသည်။
ဆက်လက်၍ ထူးချွန်ကျောင်းသား/ကျောင်းသူများကို ဆုများပေးအပ်ချီးမြှင့်ရာ ပြည်ထောင်စုဝန်ကြီးက ပထမနှစ်သင်တန်းသို့ ပထမအမှတ်အများဆုံးဖြင့် ဝင်ခွင့်ရရှိသူနှင့် အတန်းအလိုက် ပထမဆုရရှိသူများကိုလည်းကောင်း၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန် တို့က ပထမနှစ် သင်တန်းသို့ ဒုတိယနှင့် တတိယအမှတ်အများဆုံးဖြင့် ဝင်ခွင့်ရရှိသည့် ကျောင်းသား/ကျောင်းသူများနှင့် အတန်းအလိုက် ဒုတိယဆု၊ တတိယဆုရရှိသူများကို လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ပြီး မောင်မယ်သစ်လွင် ကျောင်းသား/ကျောင်းသူများ ကိုယ်စား ပထမနှစ်ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက အဆို၊ အက၊ တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ညစာအတူတကွ သုံးဆောင်ကြသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်တွင် ပထမနှစ်မှ ပဉ္စမနှစ် အထိ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၃၃၈ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်