Skip to main content

ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကဲ့သို့ ဗုဒ္ဓသာသနာသည်လည်း အဓွန့်ရှည်တည်တံ့ခိုင်မြဲမယ်လို့ ယုံကြည်ပါတယ်

ဒေါက်တာဘဟန် (ပါမောက္ခချုပ်၊ မိတ္ထီလာတက္ကသိုလ်)

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့တွင် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများနှင့် ပဲခူးတိုင်းဒေသကြီးမှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ လာရောက်ဖူးမြော်ကြည်ညိုကြသည်။

အဆိုပါ ဘုရားဖူးအဖွဲ့များသည် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားပူဇော်ထားသည့် ဘုရား၊ စေတီများနှင့် သာသနိကအဆောက်အဦးများကို လှည့်လည်ဖူးမြော်ကြည်ညိုလေ့လာကြပြီး ခမ်းနားထည်ဝါစွာ ပူဇော်ထုဆစ်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မျက်မြင်ဖူးမြော်တွေ့ရှိရမှုနှင့် အံ့မခန်းဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားသည့် သာသနိကအဆောက်အဦးများအား လေ့လာခွင့်ရရှိမှု ရင်တွင်းခံစားချက်များကို မေးမြန်းရေးသားတင်ပြလိုက်ရပါသည်။

ဒေါက်တာဘဟန် (ပါမောက္ခချုပ်၊ မိတ္ထီလာတက္ကသိုလ်)

ကျွန်တော်တို့အနေနဲ့ Naypyitaw State Academy မှာ ကျင်းပတဲ့ (၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့် သိပ္ပံသုတေသနညီလာခံကို တက်ရောက်ကြပြီး ဒီနေ့မှာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်ကြခြင်းဖြစ်ပါတယ်။ ဒီဘုရားကြီးကို အရင်ကတည်းက ဖူးမြော်ဖို့ ရည်မှန်းထားခဲ့ပါတယ်။ အခုမျက်မြင်ဖူးမြော်ရတဲ့အတွက် လွန်စွာကို ကြည်နူးပီတိဖြစ်မိပါတယ်။ ဒီဘုရားကြီးဟာ ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက် ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးလည်းဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ ဗုဒ္ဓသာသနာတော်ဟာ အဓွန့်ရှည်တည်တံ့ခိုင်မြဲမယ်လို့လည်း ယုံကြည်မိပါတယ်။ ဘုရားကြီးတည်ထားပူဇော်ထားတဲ့ ဗိသုကာလက်ရာတွေဟာလည်း အင်မတန်သပ်ရပ်ပြီး စနစ်တကျနဲ့ ထုဆစ်ထားတာကို တွေ့ရှိရတဲ့အတွက်လည်း မြန်မာ့အနုပညာလက်ရာကို အထင်ကြီးလေးစားမိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ ပြည်သူတွေအနေနဲ့လည်း ဒီဘုရားကြီးကို လာရောက်ဖူးမြော်ကြစေလိုပါတယ်။

ဒေါက်တာဝင်းဝင်းသန်း (ပါမောက္ခချုပ်၊ မြိတ်တက္ကသိုလ်)

ဝိဇ္ဇာနှင့်သိပ္ပံသုတေသန ညီလာခံကို တက်ရောက်လာခဲ့ကြတဲ့ ပါမောက္ခချုပ်တွေစုစည်းပြီး ဘုရားကြီးကို လာရောက်ဖူးမြော်ကြခြင်း ဖြစ်ပါတယ်။ စကျင်ကျောက်နဲ့ ပတ်သက်တဲ့ ထိုင်တော်မူရုပ်ပွားတော်တွေအနက် ကမ္ဘာပေါ်မှာ အကြီးဆုံးဆင်းတုတော်ကြီးကို ဖူးမြော်ခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ အနုပညာလက်ရာမှာလည်း စံထားလောက်ပြီး ကြီးမားလေးလံတဲ့ ဆင်းတုတော်ကြီးကို ဒီနေရာအထိ ရောက်ရှိအောင် ပင့်ဆောင်ပူဇော်နိုင်တဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ ကျွန်မအနေနဲ့ ဒီဘုရားကြီး စတင်ဖူးမြော်ခွင့်ပြုတဲ့ အချိန်ကလည်း ဖူးမြော်ဖူးပါတယ်။ အခုကတော့ ဒုတိယအကြိမ်အဖြစ် ပါမောက္ခချုပ်တွေ စုစည်းပြီး လာရောက်ဖူးမြော်ကြခြင်း ဖြစ်ပါတယ်။ ဘုရားကြီး ရေရှည်တည်တံ့ခိုင်မြဲဖို့ ဆောင်ရွက်ထားတဲ့အပိုင်းကိုလည်း တာဝန်ရှိသူတွေက အသေးစိတ်ရှင်းပြကြတဲ့အတွက်လည်း ကျေးဇူးတင်ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ အားလုံးက ဒီဘုရားကြီး တည်ထားပူဇော်တဲ့ သတင်းကြားကတည်းက လာရောက်ဖူးမြော်ကြဖို့ စိတ်အားထက်သန်နေကြပါတယ်။ အခုဆိုရင် အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူတွေ ဂုဏ်ယူစွာနဲ့ လာရောက်ဖူးမြော်နေကြတာကို တွေ့မြင်ရတဲ့အတွက်လည်း ကြည်နူးမိပါတယ်။

ဒေါက်တာမြတ်ညွန့် (ပါမောက္ခချုပ်၊ တောင်ငူ တက္ကသိုလ်)

ကျွန်တော့အနေနဲ့ ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံကို တက်ရောက်ပြီး ဘုရားကြီးကို လာရောက်ဖူးမြော်ကြခြင်းဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့တည်ထားပူဇော်ခဲ့တဲ့ ဘုရားကြီးဟာ အခုဆိုရင် ကမ္ဘာ့အလယ်မှာ ထည်ထည်ဝါဝါ ပေါ်ထွန်းနေပြီဖြစ်ပါတယ်။ ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားစေဖို့ ရည်ရွယ်ချက်နဲ့အညီ ဖြစ်ပေါ်လာတဲ့ ဒီဘုရားကြီးဟာ ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံတွေမှာသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာပါ ထင်ရှားပါတယ်။ ဒီလိုထင်ရှားတဲ့ ဘုရားကြီးကို ဖူးမြော်ရတဲ့အတွက် ကျွန်တော်တို့ ပါမောက္ခချုပ်တွေ အားလုံးဝမ်းသာပီတိဖြစ်မိပါတယ်။ နောက်ပြီး ဘုရားကြီးကို တည်ထားပူဇော်ပေးတဲ့ နိုင်ငံတော်အကြီးအကဲနဲ့တကွ တာဝန်ရှိသူတွေ အားလုံးကိုလည်း ဘုရားဖူးလာပြည်သူများ ကိုယ်စားကျေးဇူးတင်ရှိပါတယ်။ တည်ထားပူဇော်ထားတဲ့ အနုပညာလက်ရာတွေဟာလည်း တကယ့်ကိုအံ့မခန်းလက်ရာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဘုရားကြီးကို မဖြစ်မနေလာရောက် ဖူးမြော်ကြည်ညိုကြစေလိုပါတယ်။

ဦးကျော်လှ (အငြိမ်းစားနိုင်ငံ့ဝန်ထမ်း)

ဒီမာရဝိဇယ ဘုရားကြီးကို ကျွန်တော်တစ်ယောက်ထဲနဲ့ လာရောက်ဖူးမြော်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အရင်က ရုပ်မြင်သံကြားနဲ့ သတင်းစာတွေထဲမှာတော့ ခဏခဏဖူးမြော်ခဲ့ပါတယ်။ အခုလို ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်ခွင့်ရအောင် စီစဉ်ပေးတဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ရှိပါတယ်။ အခုဘုရားကြီးကို စတင်မြင်တွေ့ရတဲ့ အချိန်မှာ ပြောမပြနိုင်အောင် ဝမ်းသာကြည်နူးမှုကို ခံစားခဲ့ရပါတယ်။ ဖူးမြော်လိုက်ရတဲ့အခါမှာလည်း ရင်ထဲမှာ အတော်လေးအေးချမ်းခဲ့ပါတယ်။ တည်ထားပူဇော်ထားတဲ့ ဗိသုကာလက်ရာတွေဟာလည်း အံ့မခန်းတွေပါပဲ။ ကျွန်တော့်အနေနဲ့ မိသားစုနဲ့အတူ နောက်တစ်ခေါက် လာရောက်ဖူးမြော်ဖို့ ရည်ရွယ်ထားပါတယ်။ အနယ်နယ်အရပ်ရပ်က ပြည်သူတွေလည်း လာရောက်ဖူးမြော်ကြပါ။ စိတ်အေးချမ်းမှုကို ရရှိကြမှာပါလို့ ပြောလိုပါတယ်။

ဒေါ်သန်းသန်းမော် (အငြိမ်းစားနိုင်ငံ့ဝန်ထမ်း)

ကျွန်မ ဒီမာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ရမယ်လို့ မသိခင်မှာ နေမကောင်းဖြစ်နေခဲ့တာပါ။ အခုဖူးမြော်နေတဲ့ အချိန်မှာ ရင်ထဲအေးချမ်းပြီး ဝမ်းသာကြည်နူးတဲ့ခံစားချက်မျိုး ရရှိပါတယ်။ ဘုရားကြီးရဲ့မေတ္တာဓာတ်တွေကြောင့် ကျွန်မရောဂါသက်သာပျောက်ကင်းခဲ့တယ်လို့ ကျွန်မခံယူပါတယ်။ ဘုရားဖူးဖို့ စီစဉ်ပေးတဲ့ နိုင်ငံတော်တာဝန်ရှိသူတွေကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ ဘုရားကြီး အောင်မြင်စွာ တည်ဆောက်ပူဇော်နိုင်ဖို့ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်း ဘုရားတာဝန်ရှိသူတွေက အသေးစိတ်ရှင်းလင်းပြောကြားပေးခဲ့အတွက် အသိအမြင်ဗဟုသုတတွေလည်း များစွာရရှိခဲ့ပါတယ်။ တိုတောင်းလှတဲ့ လူ့ဘဝသက်တမ်းအချိန်လေးအတွင်းမှာ အသက်ရှင်နေထိုင်နေစဉ် ကာလအတွင်း အံ့ဩစရာတွေနဲ့ပြည့်နေတဲ့ ဒီဘုရားကြီးကို လာရောက်ဖူးမြော်ကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။
တွေ့ဆုံမေးမြန်း အောင်ရဲသွင်

ဓာတ်ပုံ - ဖိုးပြည့်စုံ