နေပြည်တော် ဇန်နဝါရီ ၂၆
မလေးရှားနိုင်ငံ ပူထရာဂျာရာမြို့တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့သည့် Experience Sharing Workshop on Community Education and Youth Engagement အလုပ်ရုံဆွေးနွေးပွဲသို့ အွန်လိုင်းဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ အရာထမ်းများ တက်ရောက်ခဲ့ရာ ယင်းဆွေးနွေးပွဲမှရရှိသည့် အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင်နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။
အတွေ့အကြုံရှင်းလင်းပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အဆင့် မြင့်အရာရှိကြီးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက မလေးရှား၊ ဟောင်ကောင်၊ ဘရူနိုင်း၊ ဘူတန်၊ စင်ကာပူနိုင်ငံတို့၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် လူ့အဖွဲ့အစည်းကို အသိပညာပေးခြင်းနှင့် လူငယ်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းတို့နှင့်စပ်လျဉ်း၍ အဓိကထားဆွေးနွေးပြောကြားခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ကောင်းမွန်သည့် နိုင်ငံတကာစံချိန်စံညွှန်းများကို လေ့လာ၍ အားသာချက်၊ အားနည်းချက်များအပေါ် အကဲဖြတ်သုံးသပ်ကာ ဆောင်ရွက်ရန်လိုကြောင်း၊ ယခုဆွေးနွေးပွဲမှ သိရှိရသည့် သတင်းအချက်အလက်များကို လေ့လာ၍ ကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် အသိပညာပေးရေးလုပ်ငန်းများကို မြှင့်တင်ခြင်း၊ ပုံစံအသစ်များဖြင့် တိုးချဲ့ခြင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် Experience Sharing Workshop on Community Education and Youth Engagement အလုပ်ရုံဆွေးနွေးပွဲ၌ ဆွေးနွေးခဲ့သည် များနှင့်စပ်လျဉ်း၍ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုမြတ်နိုင်က ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ဝန်ထမ်းများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်။ ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ကာ ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်