နေပြည်တော် ဇန်နဝါရီ ၂၆
အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့ညနေပိုင်းတွင် နေပြည်တော် State Academy သို့ သွားရောက်၍ (၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့် သိပ္ပံသုတေသနညီလာခံတွင် ခင်းကျင်းပြသထားသည့် သုတေသနစာတမ်းများကို ကြည့်ရှုအားပေးရာ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဌာနမှူးများက သက်ဆိုင်ရာ သုတေသနစာတမ်းများကို ရှင်းလင်းတင်ပြသည်။
နည်းပညာများ လွှဲပြောင်းပေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနအနေဖြင့် MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာ၊ အရင်းအနှီး၊ ကျွမ်းကျင်လုပ်သားရရှိရေးတို့အတွက် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တက္ကသိုလ်အသီးသီးမှ ပြုလုပ်ထားရှိသည့် အောင်မြင်သော သုတေသနလုပ်ငန်းများကို ပြည်တွင်း MSME လုပ်ငန်းများသို့ နည်းပညာများ လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများအတွက် အထောက်အကူပြုမည့် သုတေသနလုပ်ငန်းများကို ပိုမိုဆောင်ရွက်ပေးစေလိုကြောင်း၊ ထို့အပြင် စက်မှုလုပ်ငန်းများအတွက်လည်း သုတေသနလုပ်ငန်းများ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်များအနေဖြင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက်များကို ထောက်ပံ့ကူညီအားဖြည့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးမှုဖူလုံရန်နှင့် ပြည်ပတင်သွင်းမှု လျှော့ချနိုင်ရေးအတွက် MSME များမှ ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သုတေသနလုပ်ငန်းများ အောင်မြင်စေရေးအတွက် လက်တွေ့နယ်ပယ်တွင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများဆောင်ရွက်နေသည့် စက်ရုံ၊ အလုပ်ရုံများနှင့် ချိတ်ဆက်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များသည် အဓိကကျကြောင်း၊ ထုတ်ကုန် အမယ်သစ်များ ထုတ်လုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများသည် မဖြစ်မနေဆောင်ရွက်ကြရကြောင်း၊ အောင်မြင်သော သုတေသနလုပ်ငန်းများဖြစ်ပါက ထုတ်ကုန်အမယ်သစ်များကိုလည်း ထုတ်လုပ်နိုင်သည့်အပြင် နည်းပညာအသစ်များကိုလည်း ရရှိစေသည့်အတွက် သုတေသနလုပ်ငန်းများကို ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြစေလိုကြောင်း၊ အရင်းအမြစ်များသည် အကန့်အသတ်ရှိသော်လည်း တီထွင်ဖန်တီးမှုများသည် အကန့်အသတ်မရှိဟူသော ဆိုရိုးအတိုင်း တီထွင်ဖန်တီးမှုများစွာ ဆက်လက်ပြုလုပ်သွားကြရန် အကြံပြုတိုက်တွန်း ပြောကြားသည်။
သတင်းစဉ်