နေပြည်တော် ဇန်နဝါရီ ၂၆
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း နေပြည်တော်ကောင်စီ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့်ပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး၊ ရေရှည်ခိုင်ခံ့စေရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ စီမံဆောင်ရွက် အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ဒေသအတွက် အမှန်တကယ်အကျိုးရှိမည့် လုပ်ငန်းများကို ရွေးချယ်ဆောင်ရွက်ရေးတို့ကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဘဏ္ဍာငွေများ တင်ပြတောင်းခံရာတွင်လည်း ဒေသအတွင်း ပြည်သူလူထုအတွက် အမှန်တကယ်အကျိုးရှိမည့် လုပ်ငန်းများကို ဦးစားပေးတောင်းခံကြရန် လိုအပ်ပါကြောင်း၊ ဘဏ္ဍာငွေသုံးစွဲရာတွင် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေ၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်း ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်ပတ်သက်၍ လုပ်ငန်းအောင်မြင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ သည်။
ညနေပိုင်းတွင် ၂၀၂၄ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား/ အမျိုးသမီးခရစ်ကက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော် ပျဉ်းမနားမြို့နယ် ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပရာ နေပြည်တော် အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည် တော်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ခရစ်ကက်အဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် ပြိုင်ပွဲစည်းကမ်းများ ကို လိုက်နာပြီး အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားကြကာ နိုင်ငံတော်မှ အားထားရသည့် ခရစ်ကက်အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားပြီး ၂၀၂၄ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား/ အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲကို စတင်ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် (၄)ချက်ကို ရွတ်ဆိုကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်း များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အသက် ၂၅ နှစ်အောက် ခရစ်ကက် (အမျိုးသား) ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်အဖြစ် ဒက္ခိဏသီရိမြို့နယ်အသင်းနှင့် ဥတ္တရသီရိမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးသည်။
၂၀၂၄ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲကို ဇန်နဝါရီ ၂၆ ရက်မှ ၃၀ ရက်အထိ ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ် ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး အသက် ၂၅ နှစ်အောက် အမျိုးသားခရစ်ကက်အသင်း ရှစ်သင်း၊ အမျိုးသမီး ခရစ်ကက်အသင်း ရှစ်သင်း စုစုပေါင်း ၁၆ သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မြို့ရှောင်လမ်းတစ်လျှောက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အကြောင်းအရာများအား ပြည်သူများ ကျယ်ပြန့်စွာလိုက်နာစေရန်အတွက် စစ်ဆေးခြင်းများဆောင်ရွက်နေသည့်နေရာများသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်