Skip to main content

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ် (၁၀) သင်တန်းဆင်း

ရန်ကုန် ဇန်နဝါရီ ၂၆

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ် (၁၀) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစိုးတင့်၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဆုများချီးမြှင့်

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား) အဖွဲ့ဝင် ဦးစိုးတင့်က နိုင်ငံတော် အပေါ် သစ္စာစောင့်သိ၍ ပြည်သူတို့၏အကျိုးကို အလေးအနက်ထားကာ အမျိုးသားအကျိုးစီးပွားကို တာဝန်သိသိ၊ စေတနာရှိရှိဖြင့် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အဂတိတရားကင်းရှင်းသည့် ဝန်ထမ်းကောင်းများအဖြစ် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကိုအရင်းခံ၍ မိမိတို့အား ပေးအပ် လာသည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြသည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်စေရန် ကြိုးစားသွားကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။ ထို့နောက် သင်တန်းတွင် ထူးချွန် ဆုရရှိသူများကို ဆုများချီးမြှင့်၍ သင်တန်းဆင်းလက်မှတ်များပေးအပ်သည်။

အဆိုပါသင်တန်း၏ ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ရတနာသိင်္ဃ ခန်းမ၌ကျင်းပခဲ့ရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှ ပါမောက္ခချုပ် ဦးဇော်ဇော်က ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းကို ၂၀၂၃ ခုနှစ် ဩဂုတ် ၇ ရက်မှ နိုဝင်ဘာ ၂၄ ရက်အထိ Distance Learning ဖြင့်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်အထိ In-House Learning ဖြင့် ဖွင့်လှစ် ခဲ့ရာ သင်တန်းသား ၄၂ ဦး၊ သင်တန်းသူ ၄၈ ဦး စုစုပေါင်း ၉၀ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။

သတင်းစဉ်