နေပြည်တော် စက်တင်ဘာ ၂
စင်ကာပူနိုင်ငံတွင် စာချုပ်သက်တမ်းကျော်လွန်၍ မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား ၂၈ ဦးအား မြန်မာအမျိုးသားလေကြောင်း (MNA) စင်းလုံးငှား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေပိုင်း တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
ထို့ပြင် နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဆော်ဒီအာရေဗျနိုင်ငံ၊ ယူအေအီးနိုင်ငံ၊ အီဂျစ်နိုင်ငံ နှင့် နိုင်ငံအရပ်ရပ်၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံး ရီယာဒ်မြို့၏ အစီအစဉ်ဖြင့် သတ္တမ အကြိမ် ကယ်ဆယ် ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။ အဆိုပါ ကယ်ဆယ်ရေး လေယာဉ်တွင် ဆော်ဒီအာရေဗျမှ ၁၁ ဦး၊ ယူအေအီးမှ ၆၇ ဦး၊ အီဂျစ်မှ ၇၆ ဦး၊ ပါကစ္စတန် မှ လေးဦး၊ ဂျာမနီမှ တစ်ဦး၊ အင်္ဂလန်မှ သုံးဦး၊ အစ္စရေးမှ တစ်ဦး၊ ရုရှားမှ တစ်ဦး မြန်မာနိုင်ငံသား စုစုပေါင်း ၁၆၄ ဦး လိုက်ပါလာခဲ့သည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစစ်ဆေးရေးနှင့် ၂၁ ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာန များ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်းဆောင် ရွက်ပေးလျက်ရှိရာ ယနေ့အထိ မြန်မာနိုင်ငံသား စုစုပေါင်း ၁၃၃၆၄ ဦးအား ကယ်ဆယ်ရေးလေယာဉ်/ အထူးလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်