နေပြည်တော် ဇန်နဝါရီလ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ရှိ အညာစုကျေးရွာနှင့် အထက်ဝိုင်းပတ်ကျေးရွာတို့မှ ဒေသခံပြည်သူ ၈၀ ကျော်ကို ဇန်နဝါရီ ၂၄ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခဲ့ပြီး အညာစုကျေးရွာနှင့် အထက်ဝိုင်းပတ်ကျေးရွာကို ဆက်သွယ်ထားတဲ့ သစ်သားတံတားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ ဇန်နဝါရီ ၂၄ ရက်နေ့က တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ အကြမ်းဖက်သောင်းကျန်းသူများမှ ဝေါမြို့နယ်ကျေးရွာများအတွင်း ဝင်ရောက်၍ ဒေသခံပြည်သူများကို လူသစ်စုဆောင်းခြင်းနှင့် ငွေကြေးကောက်ခံမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းကျေးရွာသို့သွားရောက်၍ နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများမှ ကျေးရွာချင်းဆက်တံတားတစ်ခုကို မီးရှို့ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားပြီး ဒေသခံပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား အထင်အမြင်လွဲမှားစေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကျဆင်းစေရန် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။