Skip to main content

အိန္ဒိယသမ္မတနိုင်ငံ (၇၅) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲ ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂၆

အိန္ဒိယသမ္မတနိုင်ငံ၏ (၇၅) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ သံတမန်လမ်းရှိ အိန္ဒိယသံအမတ်ကြီးနေအိမ်၌ ကျင်းပပြုလုပ်သည်။ အဆိုပါဧည့်ခံပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်းနှင့် ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလွင်ဦးနှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားသို့တက်ရောက်လာကြသော ဧည့်သည်တော်များအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Vinay Kumar၊ စစ်သံမှူးနှင့် တာဝန်ရှိသူတို့က ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် အိန္ဒိယသမ္မတနိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ဆက်လက်၍ အိန္ဒိယယဉ်ကျေးမှုအဖွဲ့များမှ အိန္ဒိယနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ပြီးနောက် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် သံအမတ်ကြီးနှင့် ဇနီး၊ စစ်သံမှူးတို့က အခမ်းအနားတက်ရောက်လာသူများအား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။