နေပြည်တော် ဇန်နဝါရီ ၂၅
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ရှိ မဉ္ဇူသကခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကော့သောင်းခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးနှင့် လူဝင်မှုကြီးကြပ်ရေး ဒုတိယဌာနခွဲ(ကော့သောင်း)တို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပန်းခင်းစီမံချက်များဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်း၊ e-ID စနစ်အတွက် Biographic/ Biometric ကောက်ယူခြင်းလုပ်ငန်းနှင့် ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်နေမှု၊ ကော့သောင်းဒေသသည် ထိုင်းနိုင်ငံနှင့် ရေလမ်းကြောင်းဖြင့် ဆက်စပ်နေသည့် နိုင်ငံတကာဝင်/ထွက် ပေါက်ဖြစ်သည်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့် တိကျမှန်ကန်စွာစနစ်တကျ ဆောင်ရွက်ကြရေး၊ တစ်ဖက်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာအလုပ်သမားများအား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဝင်/ထွက်သွားလာအလုပ်လုပ်ကိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနိုင်ရေးအခြေအနေများနှင့် စပ်လျဉ်း၍ အကျယ်တဝင့်ရှင်းလင်းမှာကြားကာ ဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာတင်ပြချက်များကို လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ တာဝန်ရှိသူများနှင့်အတူ ကော့သောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဟံသာဝတီခန်းမသို့သွားရောက်၍ အဆိုပါခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားကတ်ပြားဆောင်ရွက်ပေးခြင်း၊ e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူခြင်းလုပ်ငန်း (One Stop Service) ဆောင်ရွက်ပေးနေမှုနှင့် မြို့နယ်ရုံးမှ နိုင်ငံသားကတ်ထုတ်ပေးမှုမှတ်ပုံတင် စာအုပ်(နိုင်-၄)ပါအချက်အလက်များအား ရုံးချုပ် Server အတွင်း ထည့်သွင်းထားသည့်အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ တိုက်ဆိုင်စိစစ်အတည်ပြု ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
အဆိုပါ အခမ်းအနားတွင် လာရောက်ဆောင်ရွက်သည့် ဒေသခံပြည်သူများအနက် နိုင်ငံသားကတ်ပြားမရှိသေးသူများ၊ ပျောက်ဆုံး/ပျက်စီး၍ ပြန်လည်လျှောက်ထားသူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးပြီးနောက် e-ID စနစ်အတွက် ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric)များ ကောက်ယူခြင်းလုပ်ငန်းကို တစ်ပါတည်းဆောင်ရွက်ပေးပြီး နိုင်ငံသားကတ်ရှိပြီးသူများအား Biographic / Biometric များကောက်ယူ၍ e-ID စနစ်အတွက် ဂဏန်း ၁၀ လုံးပါ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို တစ်နေရာတည်းတွင် တစ်ပါတည်း ဆောင်ရွက်ပေးခြင်းဖြစ်ရာ နိုင်ငံသားကတ်မရှိသူ ၄၁ ဦးကို နိုင်ငံသားကတ်ထုတ်ပေးခဲ့ပြီး နိုင်ငံသားကတ်ရှိပြီးသူ ၃၀ နှင့်အတူ စုစုပေါင်း ၇၁ ဦးအား e-ID စနစ် ဆောင်ရွက်ပေး၍ Unique ID နံပါတ်များ ထုတ်ပေးနိုင်ခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ကော့သောင်းမြို့ ရွှေဝက်ဝံတံတားအနီးရှိ အလုပ်သမားဝန်ကြီးဌာန ရွှေ့ပြောင်းအလုပ်သမားရုံး MoU U-Turn ဆောင်ရွက်ပေးသည့် စခန်းသို့သွားရောက်၍ MoU U-Turn အလုပ်သမားများအတွက် OWIC ကတ် ထုတ်ပေးနိုင်ရန် လူဝင်မှုကြီးကြပ်ရေးဒုတိယဌာနခွဲမှ ဝန်ထမ်းများက e- ID စနစ်ဖြင့် နိုင်ငံသားစိစစ် အတည်ပြု ဆောင်ရွက်နိုင်ရေးစက်ပစ္စည်းများ တပ်ဆင်ပြီးစီးမှုနှင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်အဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်မှာကြားကာ စခန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ကော့သောင်းမြို့ မြို့မဆိပ်ခံတံတားယာယီဖွင့်လှစ်ဆောင်ရွက်မည့်နေရာနှင့် လူဝင်မှုစစ်ဆေးရေးဆိုင်ရာ ယာယီရုံး တည်ဆောက်မည့်မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မြို့မတံတားရှိလူဝင်မှုစစ်ဆေးရေး ဒုတိယဌာနခွဲရှိ Passport ဖြင့် ဝင်ထွက်သွားလာသည့် နိုင်ငံခြားသားများ စစ်ဆေးရေးကောင်တာနှင့် BP / TBP စစ်ဆေးထုတ်ပေးရေး ကောင်တာတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မြို့မတံတားမှ ရေယာဉ်ဖြင့်ထွက်ခွာ၍ မြွေတော်ကျွန်း၊ ရတနာကျွန်းနှင့် သူဌေးကျွန်းတို့ရှိ လူဝင်မှုစစ်ဆေးရေးဂိတ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်