Skip to main content

ပညာရေးဝန်ကြီးဌာန (၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့် သိပ္ပံသုတေသနညီလာခံတွင် သုတေသနစာတမ်းဖတ်ပွဲများ ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၅

ပညာရေးဝန်ကြီးဌာန (၂၃)ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံကို ပညာ‌ရေးဝန်ကြီးဌာနက အမျိုးသားအဆင့်အဖြစ် Naypyitaw State Academy တွင် ဇန်နဝါရီ ၂၅ ရက် မှ ၂၇ ရက်အထိ ကျင်းပလျက်ရှိရာ ယနေ့မွန်းလွဲ ၁ နာရီတွင် သက်ဆိုင်ရာဘာသာရပ်အလိုက် သတ်မှတ်ထားသည့် အခန်းများ၌ သုတေသနစာတမ်းရှင်များက ဝိဇ္ဇာနှင့်သိပ္ပံသုတေသနစာတမ်းများကို ဖတ်ကြားကြသည်။

အဆိုပါ သုတေသနစာတမ်းဖတ်ကြားနေမှုများကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

ဝိဇ္ဇာနှင့် သိပ္ပံသုတေသနညီလာခံတွင် ပညာရေးဝန်ကြီးဌာနရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များနှင့် အခြားဝန်ကြီးဌာနခြောက်ခုမှ ပညာရေးဝန်ကြီးဌာနတွင် ပါရဂူကျမ်းလာရောက်ပြုစုနေသူ သုတေသီများက သုတေသနစာတမ်းပေါင်း ၃၁၄ စောင် ဖတ်ကြားဆွေးနွေးကြမည်ဖြစ်ပြီး ယနေ့တွင် သုတေသနစာတမ်းပေါင်း ၉၀ ဖတ်ကြားကြရာ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စာတမ်းရှင်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ပညာရေးဝန်ကြီးဌာန၏ (၂၃)ကြိမ်မြောက် ဝိဇ္ဇာနှင့် သိပ္ပံသုတေသနညီလာခံတွင် တင်သွင်းဖတ်ကြားသည့် သုတေသနစာတမ်းများမှ အကောင်းဆုံး ဝိဇ္ဇာသိပ္ပံပညာရှင်ဆုများ၊ ဘာသာရပ် နယ်ပယ်အလိုက် အကောင်းဆုံးစာတမ်းဆုများ ချီးမြှင့်သွားမည်ဖြစ်ပြီး သုတေသန ညီလာခံတွင် အဆင့်မီသည့် သုတေသနစာတမ်းများကို စုစည်း၍ သုတေသနဂျာနယ်များ ထုတ်ဝေသွားမည်ဖြစ်သည်။ အဆိုပါ သုတေသနညီလာခံတွင် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်အသီးသီးမှ သုတေသန ပိုစတာပေါင်း ၆၁ ခုနှင့် သုတေသန ပြကွက် ၁၈ ခု ခင်းကျင်းပြသထားကြောင်း သိရသည်။

သတင်းစဉ်