Skip to main content

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

နေပြည်တော် ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့၊ မုံရွာမြို့၊ ရွှေဘိုမြို့တို့အတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ သုခကာရီဓမ္မအလင်းရောင် အသင်းဝင်များ စုစုပေါင်း ၂၁၉ ဦးတို့သည် ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများအသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာအခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှုအခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။

ထို့နောက် ဘုရားဖူးလာဂေါပကအဖွဲ့ဝင်များကိုယ်စား ဂေါပကအဖွဲ့ဝင်တစ်ဦးက ယခုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာ လာရောက်ဖူးမြော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးမှုများနှင့် ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းပြောကြားပေးမှုများအပေါ် ကျေးဇူးတင်စကားပြောကြားပြီး ဘုရားဖူးလာဂေါပကအဖွဲ့ဝင်များက ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု အခြေအနေနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်းဖြေကြားသည်။

ယင်းနောက် ဂေါပကအဖွဲ့ဝင်များသည် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

ဆက်လက်၍ ဘုရားဖူးလာဂေါပက အဖွဲ့ဝင်များသည် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များအသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း၌ လေ့လာကြည့်ရှုကြသည်။

ထို့နောက် ဘုရားဖူးလာဂေါပကအဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ထားရှိသည့် မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ပုံစံငယ်ပြသထားမှု၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် မဟာမင်္ဂလာအခမ်းအနားများတွင် အသုံးပြုခဲ့သည့်ပစ္စည်းများ၊ ဘုရားရှင်ဓာတ်တော်၊ ရဟန္တာဓာတ်တော်များ ထည့်သွင်းပူဇော်ခဲ့သည့် ရွှေဖလားများ၊ မာရဝိဇယဆင်းတုတော်ကြီးအား အစိတ်အပိုင်း(၄)ပိုင်းခွဲ၍ တည်ဆောက်ထားသော ဆင်းတုတော်ကြီး ပုံစံငယ်များ၊ မြန်မာ့ရိုးရာ ပန်းဆယ်မျိုး လက်ရာပုံစံငယ်များ၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်မှုမှတ်တမ်းဓာတ်ပုံများ၊ ဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိကအဆောက်အဦများကို ဆက်လက်ဖူးမြော် လေ့လာကြည်ညိုခဲ့ကြသည်။

ယနေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ခဲ့ကြသည့် ဂေါပကအဖွဲ့ဝင်များ၏ ရင်တွင်းစကားသံများအား ယခုကဲ့သို့ ကြားသိခဲ့ရသည်-

ဦးထွန်းဌေး၊ စစ်ကိုင်းသုခကာရီ လေးကျွန်းမြေအုဌ်ကျောင်း

စစ်ကိုင်းမြို့ သုခကာရီကျန်းမာရေးနဲ့ လူမှုကူညီရေးအသင်းကြီးက အလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်ပါတယ်။ ဒီဘုရားကြီးကို ကျွန်တော်တို့ဆီကနေ လာဖူးဖို့ဆိုတာ တော်တော်ခဲယဉ်းတယ်။ အခုလို တိုင်းဒေသကြီးအစိုးရကနေ စီမံဆောင်ရွက်ပေးမှုကြောင့် ကျွန်တော်တို့အဖွဲ့တွေသွားရေးလာရေး၊ စားသောက်စရိတ်တွေရော အားလုံးအကုန်အကျခံပြီးတော့ ဘုရားဖူးမြော်ခွင့်ပေးတဲ့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ကျေးဇူးအများကြီးတင်ပါတယ်။ ပြီးတော့ ဒီမှာအံ့မခန်း တွေ့ရှိရတဲ့ဘုရားကြီးကိုလည်း မထင်မှတ်ပဲ သဒ္ဓါတရားရှိရှိ ဖူးမြော်ခွင့်ရခဲ့တဲ့အတွက် တကယ်ကို ကျေးဇူးတင်ရပါတယ်။ နိုင်ငံတော်အစိုးရကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။

ဦးခင်ဇော်၊ စစ်ကိုင်းမြို့၊ မဟာရွှေစည်းခုံစေတီတော်ကြီး ဂေါပကအဖွဲ့ဝင်

ကျွန်တော်က စစ်ကိုင်းမြို့ ပါရမီရပ်ကွက် မဟာရွှေစည်းခုံစေတီတော်ကြီး ဂေါပကအဖွဲ့ဝင်ဖြစ်ပါတယ်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လမ်းညွှန်ချက်အရ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်ရဲ့စီစဉ်ပံ့ပိုးမှုနဲ့ စစ်ကိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစီးပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်ကြတာဖြစ်ပါတယ်။ လာတာကတော့ စစ်ကိုင်းမြို့နယ်၊ မုံရွာမြို့နယ်နဲ့ ရွှေဘိုမြို့နယ်တို့မှာရှိတဲ့ ဂေါပကအဖွဲ့ဝင် စုစုပေါင်း ၂၁၉ ဦး လာရောက်ဖူးမြော်ကြခြင်းဖြစ်ပါတယ်။ ဘုရားကြီးနဲ့ပတ်သက်ပြီး ရုပ်မြင်သံကြားသတင်းတွေမှာ ကြည့်ရှုဖူးပါတယ်။ အခုကိုယ်တိုင်ကိုယ်ကျ ဖူးမြော်ရတဲ့အချိန်မှာ လွန်စွာမှ ကြည်ညိုရပါတယ်။ ပြုလုပ်တည်ဆောက်ထားတာတွေကလည်း အင်မတန်မှ ကြီးကျယ်ခမ်းနားလွန်းလှပါတယ်။ ဝမ်းသာကြည်နူးဖြစ်မိပါတယ်။ ရင်သပ်ရှုမောဖွယ်ဖြစ်မိပါတယ်။ တည်ဆောက်ထားတဲ့ ဦးဆောင်ဘုရားဒါယကာကြီးဖြစ်တဲ့ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ပါဝင်တဲ့ဘုရားဒါယကာတွေ အကုန်လုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဂုဏ်လည်းယူမိပါတယ်။ ဝမ်းလည်းသာပါတယ်။ တည်ဆောက်ထားတာက ပြီးပြည့်စုံလွန်းလှပါတယ်။ ဘက်စုံပေါ့လေ။ သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားတာ အင်မတန်မှ ကောင်းမွန်ပါတယ်။ ကျွန်တော်တို့ဘုရား တွေတောင် ဒီလောက်ဆောင်ရွက်နိုင်စွမ်းမရှိပါဘူး။ အခုဒီလိုဖူးမြော်ရတာ ပညာတွေအများကြီးရပါတယ်။ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ဘုရားဖူးပြည်သူတွေအနေနဲ့ ဒီဘုရားကြီးကို လာရောက်ဖူးမြော်သင့်ပါတယ်လို့ ဖိတ်ခေါ်ချင်ပါတယ်။

ဦးစိုးဝင်း ဆွမ်းဦးပုံညရှင်ဘုရားဂေါပကအဖွဲ့ဝင်

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို စတင်တည်ဆောက်စဉ်မှစလို့ ရုပ်မြင်သံကြားမှာ အကြိမ်ကြိမ်ဖူးမြော် ကြည်ညိုရပါတယ်။ သို့သော်လည်း ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖူးတွေ့ရတဲ့အခါမှာ ကျွန်တော်တို့ မြန်မာဗိသုကာပညာရှင်များရဲ့ မြန်မာ့ယဉ်ကျေးမှု အနုပညာလက်ရာများကို ဖော်ထုတ်ထားတာ တွေ့ရှိရတဲ့အတွက် မြန်မာပြည်သူ ပြည်သားတစ်ယောက်အနေနဲ့ များစွာဂုဏ်ယူဝမ်းသာပီတိ ဖြစ်ရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ဂေါပကအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်ပြီး အခုလို ပို့ဆောင်ပေးတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ကျေးဇူးတင်သလို ခရီးဦးကြိုပြုပြီး နွေးထွေးစွာကြိုဆိုပေးတဲ့ မာရဝိဇယဂေါပကအဖွဲ့မှ တာဝန်ရှိသူ များကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်နောင်ကိုလည်း လာရောက်ဖူးမြော်ရပါစေလို့ ဆုတောင်းပါတယ်။ အခုလိုမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖူးမြော်ရတဲ့အတွက် ကျွန်တော်တို့ရဲ့ရင်တွင်းမှာ ဖြစ်ပေါ်နေတဲ့ သောကအပူတွေကိုလည်း ကင်းငြိမ်းသွားတယ်လို့ ခံစားရပါတယ်ခင်ဗျ။ အားလုံးကိုကျေးဇူးတင်ပါတယ်။

သတင်းစဉ်