နေပြည်တော် ဇန်နဝါရီ ၂၅
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၏ ဖေဖော်ဝါရီ ၇ ရက် တွင် ကျရောက်မည့် (၂၅) နှစ်မြောက် ငွေရတုနှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “လေ့ကျင့်ဖွံ့ဖြိုးခြင်းမှသည် ကောင်းမွန်သော အုပ်ချုပ်မှုဆီသို့ (Learning and Development to Support Good Governance)” စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရတနာခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့တာဝန်ရှိသူများ၊ တက္ကသိုလ်အကြံပေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသားဟောင်းများ၊ စာတမ်းရှင်များ၊ တက္ကသိုလ်ပါမောက္ခချုပ်၊ အရာထမ်း၊ အမှုထမ်းများနှင့် တက္ကသိုလ်၌ ဖွင့်လှစ်လျက်ရှိသော သင်တန်းများမှ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုးက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး တက္ကသိုလ်အကြံပေးအဖွဲ့ဝင်များဖြစ်ကြသည့် ဦးမောင်မောင်ငြိမ်း၊ ဦးကျော်ကျော်လှိုင်၊ ပါမောက္ခ ဦးအေးကျော်နှင့် ဦးသုတအောင် တို့က Key Note Speech ပြောကြားကြသည်။
စာတမ်းဖတ်ပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ စာတမ်းနှစ်စောင်၊ အာဆီယံနိုင်ငံ နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ်များအကြား ထူထောင်ထားရှိသည့် ကွန်ရက် (The ASEAN Network of Public Service Training Institute) အဖွဲ့ဝင်နိုင်ငံများမှ ခုနစ်စောင်၊ တက္ကသိုလ်၌ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးနှင့် အဆင့်မြင့်အရာ ထမ်းသင်တန်းများကို တက်ရောက် ခဲ့သည့် သင်တန်းသားဟောင်းများမှ သုံးစောင်၊ ပြင်ပတက္ကသိုလ်များမှ သုံးစောင်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှ တစ်စောင်နှင့် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) မှ ခြောက်စောင် စုစုပေါင်း ၂၂ စောင်ကို Presentation Section ၌ Ethics and Well-Being Track, HRM and International Rela-tion Track, Good Governance and Policy Recommendation Track, Education/Training and Others Track ဟူ၍ အပိုင်း လေးပိုင်းဖြင့်လည်းကောင်း၊ Poster Section ၌ စာတမ်းခုနစ်စောင်ဖြင့် လည်းကောင်း စာတမ်းများကို ဖတ်ကြားကြရာ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ဆွေးနွေးမေးမြန်းကြသည်။
အဆိုပါ စာတမ်းဖတ်ပွဲကို ဇန်နဝါရီ ၂၆ ရက်အထိ နှစ်ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး တက္ကသိုလ်အနေဖြင့် နိုင်ငံတကာနှင့်ပြင်ပတက္ကသိုလ်များ ပူးပေါင်း၍ ကျင်းပနိုင်ခဲ့သည့် တတိယ အကြိမ်မြောက် စာတမ်းဖတ်ပွဲဖြစ်ကြောင်း သိရသည်။
သတင်းစဉ်