နေပြည်တော် ဇန်နဝါရီ ၂၅
တပ်မတော်(ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်းအမှတ်စဉ်(၈၃)၊ တပ်မတော်(ရေ) အရာရှိငယ် (အင်ဂျင်နီယာ) သင်တန်းအမှတ်စဉ်(၅၇)နှင့် တပ်မတော်(ရေ) အမျိုးသမီးအရာရှိငယ် သင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေးဌာနချုပ် စစ်ရေးပြကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ဇွဲဝင်းမြင့် တက်ရောက်မိန့်ခွန်းပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ရန်ကုန်တပ်နယ်နှင့် သန်လျင်တပ်နယ်တို့မှ တပ်မတော်အရာရှိကြီးများ၊ ကျောင်းဆင်းအရာရှိများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက စစ်ရေးပြကွင်းအတွင်း ချီတက်နေရာယူကြပြီး နိုင်ငံတော်အလံ အားအလေးပြုကြသည်။
ဂုဏ်ပြုတပ်ခွဲများကို စစ်ဆေး
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ဇွဲဝင်းမြင့်က ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများကို စစ်ဆေးသည်။
ထို့နောက် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက ကာကွယ်ရေးဦးစီးချုပ်(ရေ)အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။
ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်(ရေ)က တပ်မတော်(ရေ) အရာရှိငယ်(စီမံခန့်ခွဲရေး) သင်တန်းအမှတ်စဉ်(၈၃)မှ အကောင်းဆုံး ကျောင်းသားဆုရရေ ၅၆၉၃ ဗိုလ်လင်းအောင်နိုင်နှင့် ရေကြောင်းပညာစာပေထူးချွန်ဆုရ ရေ ၅၆၉၄ ဗိုလ်ဝင်းဇော်ဟိန်းတို့ကိုလည်းကောင်း၊ တပ်မတော်(ရေ) အရာရှိငယ် (အင်ဂျင်နီယာ) သင်တန်းအမှတ်စဉ် (၅၇)မှ အကောင်းဆုံးကျောင်းသားဆုရ ရေ ၅၇၃၇ ဗိုလ် အောင်မြတ်နှင့် ရေကြောင်းအင်ဂျင်နီယာပညာ စာပေထူးချွန်ဆုရရေ ၅၇၃၃ ဗိုလ် ကျော်ဇင်သက်တို့ကို လည်းကောင်း၊ တပ်မတော်(ရေ) အမျိုးသမီးအရာရှိငယ်သင်တန်း အမှတ်စဉ်(၉)မှ အကောင်းဆုံး ကျောင်းသားဆုရ ရေ ၅၇၄၃ ဗိုလ် ဒေါ်ဖူးမော်သန်းနှင့် ရေကြောင်းပညာစာပေထူးချွန်ဆုရ ရေ ၅၇၃၉ ဗိုလ် ဒေါ်ခက်ခက်ဦးတို့ကိုလည်းကောင်း ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။
သင်တန်းဆင်းမိန့်ခွန်းပြောကြား
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ဇွဲဝင်းမြင့်က သင်တန်းဆင်း မိန့်ခွန်း ပြောကြားရာတွင် သင်တန်းကသင်ကြားပေးလိုက်သည့် ရေတပ်ပညာရပ်များသည် ရေတပ်သားကောင်းတစ်ယောက်ပီသစွာ ပင်လယ်ပြင်တာဝန်ထမ်းဆောင်မှု (Afloat Duty) ကို ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်ပြီး ခံနိုင်ရည်ရှိအောင်လေ့ကျင့်ရမည်ဖြစ်ပြီး လေ့ကျင့်ရာတွင်ကိုယ်ခန္ဓာကြံ့ခိုင်မှုသာမက စိတ်ဓာတ်ကြံ့ခိုင်မှုကိုပါ တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း၊ တပ်မတော်(ရေ)ကို တိုက်ပွဲဝင်အသင့် ရေတပ်အဖြစ် တည်ဆောက်လျက်ရှိရာ စစ်ရေယာဉ်များတွင် တာဝန်ထမ်းဆောင်ကြရမည့် ရဲဘော်များအနေဖြင့်လည်း မိမိတို့၏ ပညာရပ်ပိုင်းဆိုင်ရာအလိုက် ကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာလေ့ကျင့်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ခေါင်းဆောင်လုပ်သူများအနေဖြင့် အမှား၊ အမှန် ဝေဖန်ပိုင်းခြားနိုင်ရန်၊ တွေးခေါ်မြော်မြင်နိုင်ရန်အတွက် ဗဟုသုတများ ကြွယ်ဝစေရန် လိုအပ်ပြီး အမြဲတမ်းစာပေဖတ်ရှုလေ့လာသွားကြရန် လိုအပ်ကြောင်း၊ ပေးအပ်သောတာဝန်များကို အောင်မြင်ပြီးမြောက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရာတွင် ခေါင်းဆောင် လုပ်သူ၏ အတတ်ပညာပိုင်းဆိုင်ရာ ပြည့်ဝမှု (Proficiency)က အရေးပါသည့်အတွက် တစ်ဦးချင်းလေ့လာမှုအားကောင်းမှသာ တွေးခေါ်ကြံစည်မှုများ ကောင်းမွန်လာမည်ဖြစ်သဖြင့် တစ်ဦးချင်းအနေဖြင့် မိမိတို့ဘဝတိုးတက်ရေးအတွက် လေ့လာအားထုတ် ကြိုးပမ်းသွားကြရန်လိုကြောင်း။
တပ်မတော်(ရေ)အနေဖြင့် နိုင်ငံတော်အား ရှေ့တန်းကျကျ ကာကွယ်နိုင်ရမည်၊ နိုင်ငံတော်၏ ရေကြောင်းအကျိုးစီးပွားများအား ကာကွယ်စောင့်ရှောက်နိုင်ရမည်၊ (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်နိုင်စွမ်းရှိရမည်ဆိုသည့် ရည်မှန်းချက်တာဝန်များထားရှိ၍ အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော်ဖြစ်ရမည်ဟူသော တပ်မတော်၏ ရည်မှန်းချက်တာဝန်များကို တစ်ဖက်တစ်လမ်းမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်(ရေ)ရှိ စစ်ရေယာဉ်များဖြင့် ရေပြင်စစ်ဆင်ရေး၊ ရေအောက်စစ်ဆင်ရေး၊ ဝေဟင်စစ်ဆင်ရေးနှင့် အီလက်ထရောနစ် စစ်ဆင်ရေးတို့တွင် အောင်မြင်မှုများ ရရှိစေရန် ရေယာဉ်တစ်စီးချင်းစီအလိုက်သော်လည်းကောင်း၊ ရေယာဉ်အုပ်အလိုက်သော်လည်းကောင်း လေ့ကျင့်သည်သာမက နှစ်စဉ်စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်း (Combined Fleet Exercise) များကို ၂၀၁၄ ခုနှစ်မှစတင်၍ လေ့ကျင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် အိမ်နီးချင်းရေတပ်များ၌ ကျင်းပပြုလုပ်ခဲ့သည့် ပင်လယ်ပြင်လေ့ကျင့်ခန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ပင်လယ်ပြင်နယ်နိမိတ်တစ်လျှောက် ပူးတွဲကင်းလှည့်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း။
လက်ရှိဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေးအခြေအနေအရ တပ်မတော်(ရေ)သည် တပ်မတော်(ကြည်း)၊ တပ်မတော်(လေ)တို့နှင့်အတူ စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်များကို သက်စွန့်ကြိုးပမ်း ထမ်းဆောင်လျက်ရှိပြီး ရခိုင်ပြည်နယ်၊ ဧရာဝတီမြစ်ကြောင်းနှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် စစ်ဆင်ရေး၊ စစ်ဘက်သယ်ယူပို့ဆောင်ရေး တာဝန်များကို ကျေပွန်စွာထမ်းဆောင်ပေးလျက်ရှိကြောင်း၊ ခေတ်သစ်စစ်ပွဲများ၏ သဘောသဘာဝအရ တပ်ဖွဲ့အချင်းချင်း ပေါင်းစပ်ညှိနှိုင်း၍ စစ်ဆင်ရေးများ ဆောင်ရွက်မှသာ အောင်ပွဲရရှိမည်ဖြစ်သည့်အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) ပါဝင်သည့် ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းများတွင် တပ်မတော်(ရေ)အနေဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက် လျက်ရှိကြောင်း။
ကြပ်မတ်ဆောင်ရွက်
၂ဝ၂၃ ခုနှစ် မေ ၁၄ ရက်တွင် ရခိုင်ပြည်နယ်အတွင်းသို့ အလွန့်အလွန်အားကောင်းသည့် မိုခါမုန်တိုင်းသည် စစ်တွေမှတစ်ဆင့် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ မုန်တိုင်းပြီးပြီးချင်း တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် စားသောက်ကုန်ပစ္စည်းများ၊ ကယ်ဆယ်ရေးပစ္စည်းများကို ချက်ချင်းပို့ဆောင်နိုင်ခဲ့ကြောင်း၊ မုန်တိုင်းပြီးဆုံးပြီးနောက် ပြန်လည်ထူထောင်ရေးကာလတွင်လည်း ရန်ကုန်မှ ရခိုင်ပြည်နယ်အတွင်းသို့ စုစုပေါင်း ကုန်ပစ္စည်းတန်ချိန် ၉၀၀၀ ကျော်ကို စစ်ရေယာဉ် ၄၉ စီးဖြင့် ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း၊ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၅)သင်တန်းဆင်းပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်ကချမှတ်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များအပါအဝင် နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် ဥပဒေနှင့် စည်းကမ်းများကိုလည်း စံနမူနာပြ လေးစားလိုက်နာကျင့်သုံးပြီး လက်အောက်ငယ်သားများကိုပါ လိုက်နာမှုရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ပေးအပ်လာသည့် တာဝန်များကို ထမ်းဆောင်ရာတွင် မိမိကိုယ်ကိုသစ္စာရှိရန်၊ မိမိအလုပ်၊ နိုင်ငံတော်နှင့် တပ်မတော်အပေါ်သစ္စာရှိရန်၊ မိမိကိုယ်တိုင်သာမက နိုင်ငံတော်နှင့် တပ်မတော်အပေါ် ယုံကြည်ချက်၊ ခံယူချက်မြင့်မားစွာ ထားရှိရန်လိုကြောင်း အထူးအလေးအနက်ထား မှာကြားချက်နှင့်အညီ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းမြွက်ကြားခဲ့ကာ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် စစ်ရေးအခြေအနေများအရ တပ်မတော်(ရေ)အနေဖြင့် ပင်လယ်ပြင် စစ်ဆင်ရေးသာမက မြစ်တွင်းစစ်ဆင်ရေး (Riverine Operation)များကိုပါ ဆင်နွှဲနေခြင်းဖြစ်သောကြောင့် သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်သည့် ခေါင်းဆောင်များဖြစ်ကြစေရန် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပထဝီအနေအထား၊ ရေကြောင်းဆိုင်ရာအကျိုး စီးပွားများနှင့် မြန်မာ့ပင်လယ်ပြင်၏ အရေးပါမှုများကို သိရှိထားရန် လိုအပ်ကြောင်း၊ နိုင်ငံအကျိုးစီးပွားကို အထောက်အကူပြုသည့် မိမိတို့နိုင်ငံ၏ ရေကြောင်းအကျိုးစီးပွားကို ကာကွယ်ရာတွင် ကုန်သွယ်ရေလမ်းကြောင်းများနှင့် ဆိပ်ကမ်းလုံခြုံရေးအတွက် တပ်မတော်(ရေ)က ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကုန်သွယ်မှုကွန်ရက်ကို အထောက်အကူပြုသည့် မြစ်ချောင်းများ ထိန်းသိမ်းရေးကဏ္ဍများ၌လည်း တပ်မတော်(ရေ)အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)သည် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသွားသည်။ အခမ်းအနားအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် အခမ်းအနားသို့ တက်ရောက်လာသော အရာရှိကြီးများသည် ကျောင်းဆင်းအရာရှိများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်