Skip to main content

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ထိုင်းနိုင်ငံသံအမတ်ကြီးတို့အား သီးခြားစီလက်ခံတွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၂၅

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Mr. Chen Hai ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အမြင်ချင်းဖလှယ်ဆွေးနွေး

တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲဆွေမျိုးပေါက်ဖော်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဘောင်များအောက်မှ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တို့အပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

ဆက်လက်လက်ခံတွေ့ဆုံ

ထို့ပြင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump ကို မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ ဆက်လက်လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးအပါအဝင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့်အတူ ထိုင်းသံရုံးမှ ပထမအတွင်းဝန် Ms. PYM CHAIYASAN တို့ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်