Skip to main content

ပေါင်းတည်မြို့နယ်၊ နတ်ရေတွင်းကျေးရွာ၊ ဝက်လက်မြို့နယ်၊ ရေလည်မှော်ကျေးရွာနှင့် စစ်ကိုင်းမြို့နယ်၊ ရွာမကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇန်နဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ နတ်ရေတွင်းကျေးရွာအား ဇန်နဝါရီ ၂၄ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို Khit Thit Media က မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ ဇန်နဝါရီ ၂၃ ရက်နေ့တွင် PDF အမည်ခံအကြမ်းဖက်သမားများက ပေါင်းတည်မြို့နယ်၊ နတ်ရေတွင်းကျေးရွာသို့ ရောက်ခဲ့ပြီး ကျေးရွာအပြင်ဘက်ရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် ဒေသခံတစ်ဦးမှ သတင်းပေးပို့သည့်အတွက် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရန် နတ်ရေတွင်းကျေးရွာအနီးသို့ ရောက်ရှိစဉ် PDF အမည်ခံ အကြမ်းဖက်သမားများမှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်၍ ကျေးရွာရှိနေအိမ်များအား မီးရှို့ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းမြို့နယ်၊ ရွာမကျေးရွာအား ဇန်နဝါရီ ၂၄ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်က ကျေးရွာရှိ ကုန်စုံဆိုင်အပါအဝင် လူနေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပြီး အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ရွာမကျေးရွာနှင့် အနီးဝန်းကျင်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်မှုမရှိခဲ့ကြောင်း မြေပြင်သတင်းကြားသိချက်အရ PDF အမည်ခံအကြမ်းဖက်သမားများက ကုန်စုံဆိုင်မှ ပစ္စည်းများနှင့်ငွေများ လုယက်ယူဆောင် ထွက်ပြေးသွားခဲ့ကြောင်းနှင့် ထွက်ပြေးချိန်တွင် နေအိမ်အချို့အား မီးရှို့ခဲ့ရာမှ ကုန်စုံဆိုင်အပါအဝင် နေအိမ် ၁၀ လုံးခန့် မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဝက်လက်မြို့နယ်၊ ရေလည်မှော်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂၄ ရက်နေ့တွင် မီးရှို့ခဲ့မှုကြောင့် နေအိမ် ၁၈ လုံး မီးလောင်ပျက်ဆီးခဲ့ကြောင်း လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပြီး လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်းရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်အတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် သွားရောက်ခဲ့ခြင်းမရှိကြောင်းနှင့် ရေလည်မှော်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့သည်ဆိုသည်မှာ လုပ်ကြံရေးသားထားသည့် သတင်းအမှားများသာဖြစ်ကြောင်း သိရှိရသည်။

PDF အမည်ခံအကြမ်းဖက်သမားများသည် မြို့၊ ရွာများရှိ လူနေအိမ်အဆောက်အဦများကို အကာအကွယ်ပြု၍ ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် လူနေအိမ်များမီးရှို့ဖျက်ဆီးခြင်းအပါအဝင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝကို အကြမ်းဖက်သည့်နည်းလမ်းများဖြင့် ဖျက်ဆီးလုပ်ဆောင်လျက်ရှိပြီး ၎င်းလုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားကာ သွေးထိုးလှုံ့ဆော်လျက်ရှိကြောင်း သတင်းရရှိပါသည်။