နေပြည်တော် စက်တင်ဘာ ၂
မြန်မာနိုင်ငံတွင် ထောက်ပံ့ဖြည့်ဆည်းစီမံဆောင်ရွက်မှု (Logistics) ကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် လမ်းပြမြေပုံရေးဆွဲနိုင်ရေး၊ Logistics ကဏ္ဍနှင့်ဆက်စပ်သည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များပူးပေါင်း၍ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ တစ်ရပ်ဖွဲ့စည်းရေးနှင့် သင့်တော်သော စည်းမျဉ်းစည်းကမ်းများနှင့် Logistics လုပ်ငန်းများ လွယ်ကူချောမွေ့စေရေး အထောက်အပံ့ပေးနိုင်မည့် အခြေအနေတစ်ရပ်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ထောက်ပံ့ဖြည့်ဆည်း စီမံဆောင်ရွက်မှု (Logistics) ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း ဆိုင်ရာ အစည်းအဝေးကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ထောက်ပံ့ဖြည့်ဆည်း စီမံဆောင်ရွက်မှုဟုခေါ်သည့် Logistics ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် အစဉ်တစိုက်ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်း၊ အမျိုးသားအဆင့် ထောက်ပံ့ဖြည့်ဆည်းစီမံဆောင်ရွက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာဖို့ရည်ရွယ်ချက်ဖြင့် National Logistics Master Plan တစ်ရပ်ကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၏အထောက်အပံ့ဖြင့် ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် Logistics ဝန်ဆောင်မှုလုပ်ငန်းများ မဖြစ်မနေတိုးတက်ရမည်ဖြစ်သည့်အတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍကြား ကောင်းမွန်သောပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာမျိုးငြိမ်းအေး က National Logistics Master Plan ကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး၊ Logistics ကဏ္ဍဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များမှ လုပ်ငန်းနယ်ပယ်အလိုက် National Logistics Master Plan ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စများကို တင်ပြဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနမှ ဌာနအကြီးအကဲများ၊ မြန်မာနိုင်ငံ သယ်ယူ ပို့ဆောင်ရေးနှင့် ထောက်ပံ့ဖြည့်ဆည်းစီမံဆောင်ရွက်မှုအသင်းချုပ် (MTLF)၊ မြန်မာ ကုန်သွယ် ရေကြောင်းဆိုင်ရာ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအသင်း (MMMDA)၊ မြန်မာနိုင်ငံကုန် သေတ္တာတင်မော်တော်ယာဉ်များအသင်း (MCTA)၊ မြန်မာနိုင်ငံအကောက်ခွန်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MCBA)၊ မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုများအသင်း (MIFFA)၊ ကမ်းရိုးတမ်းသွားသင်္ဘောပိုင်ရှင်များအသင်း (CVSA)၊ မြန်မာ နိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MHFTSA)တို့မှ ဥက္ကဋ္ဌများနှင့် အလုပ်မှုဆောင်အဖွဲ့ဝင်များ တက်ရောက်၍ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)