နေပြည်တော် ဇန်နဝါရီ ၂၄
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပုလဲတောင်ကျေးရွာကို ဇန်နဝါရီ ၂၃ ရက်နေ့က တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကာ ညီအစ်ကို ၃ ဦး သေဆုံးခဲ့ပြီး၊ ၈ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာက လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ မြေပြင်သတင်းပေးပို့ချက်များနှင့် ဘူးသီးတောင်မြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာများအား ဇန်နဝါရီ ၂၃ ရက်နေ့တွင် AA သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပုလဲတောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများနေထိုင်ရာ မြို့၊ ရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု မရှိပါကြောင်း၊ အလားတူ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို ဇန်နဝါရီလ ၂၁ ရက်နေ့တွင် တပ်မတော်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် လိန်ပင်ဝဲကျေးရွာ ဖိုးအင်ကုန်းမှ ပြည်သူ ၂ ဦးနှင့် ဝါချဲ့ကျေးရွာမှ ပြည်သူ ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၄ လုံးပျက်စီးခဲ့သည်ဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိပြီး မြေပြင်စုံစမ်းသိရှိရသော သတင်းများအရ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် အဆိုပါမြို့နယ်ရှိ ကျေးရွာများ ဝန်းကျင်အနီး၌ တပ်မတော်စစ်ကြောင်းများ နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်မှုကို အကြမ်းဖက်သောင်းကျန်းသူများက အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ Drop Bobm ချ တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခြင်းတို့ကြောင့် ဒေသခံပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
တရားမဝင် ပြည်ဖျက်မီဒီယာများအနေဖြင့် တပ်မတော်အပေါ် နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်ရန်နှင့် ဂုဏ်သိက္ခာကျဆင်းစေရန်အတွက် မြေပြင်နှင့်လွဲမှားသည့် သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားပြီး ပြည်သူများမှအထင်အမြင် လွဲမှားစေရန် လူမှုကွန်ရက်စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။