ရန်ကုန် ဇန်နဝါရီ ၂၃
ကုလားပဲဈေးကွက်ကောင်းနေပြီး ဝယ်လိုအားလည်းရှိနေကြောင်း ပဲအမျိုးမျိုးရောင်း ဝယ်ရေးအသိုင်းအဝိုင်းမှ သိရသည်။
လက်ရှိတွင် ကုလားပဲတစ်အိတ် ဈေးနှုန်းမှာ သုံးသိန်းခန့် ဈေးပေါက်လျက်ရှိပြီး ပဲကြိတ်သူများက ဝယ်ယူသည့်အတွက် ကုလားပဲအဝယ်လိုက်ကြောင်း သိရသည်။
“ကုလားပဲက အခုဆိုတစ်အိတ် သုံးသိန်းပတ်ချာလည်လောက်ရှိတယ်။ ပဲကြိတ်တဲ့သူတွေ ဝယ်ကြတယ်။ ပြည်ပဈေးကွက် အဲဒီလောက်မရှိပေမယ့် ပြည်တွင်းဈေးကွက်ရှိတယ်။ ပုံမှန်ရှိတယ်၊ ပုံမှန်လေးပဲသွားတယ်။ အရင်ကထက် စာရင်တော့ ဈေးနည်းနည်းတက်သွားတယ်။ တစ်အိတ်ကို တစ်သောင်းနှစ်သောင်း ပတ်ချာလည်လောက်တက်တယ်။ ဝယ်လိုအားလည်းရှိတယ်” ဟု ပဲအမျိုးမျိုး ရောင်းဝယ်ရေးအသိုင်းအဝိုင်းမှ ကုန်သည်တစ်ဦးက ပြောသည်။
ယခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်း၌ မတ်ပဲနှင့် ပဲစင်းငုံနီဈေးများ မြင့်တက်လာသော်လည်း ပြောင်းဆန်နှင့် ကုလားပဲဈေးများ ငြိမ်နေခဲ့ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်၏ မှတ်တမ်းများအရ သိရသည်။
လက်ရှိတွင် ကုလားပဲခြမ်း တစ်ပိဿာကို ၆၁၅၀ ကျပ်မှ ၆၄၅၀ ကျပ်၊ ကုလားပဲ ဖြူလုံးအသေး တစ်ပိဿာကို ၄၈၃၀ ကျပ်မှ ၄၉၂၀ ကျပ်၊ ကုလားပဲဖြူလုံးအကြီး တစ်ပိဿာကို ၄၉၆၅ ကျပ်မှ ၅၀၅၀ ကျပ်ဝန်းကျင် ဈေးပေါက်နေကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် မှတ်တမ်းများအရ သိရသည်။
သစ်တော်