Skip to main content

ပြည်ထောင်စုဝန်ကြီးများ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို ကြည့်ရှုအားပေး

နေပြည်တော် ဇန်နဝါရီ ၂၃

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း၊ အားကစားရုံများ၌ အားကစားနည်းများအလိုက် ဆက်လက်ကျင်းပလျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်တို့သည် ဝဏ္ဏသိဒ္ဓိအားကစား ကွင်း (C) ရုံတွင် ကြက်တောင် ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှု (အပေါ်ယာပုံ) နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများသည် (A) ရုံတွင် စားပွဲတင်တင်းနစ် ယှဉ်ပြိုင်ကစားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး ပြိုင်ပွဲများအပြီးတွင် ကျောင်းသားအားကစားသမားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားသည်။

ဝဏ္ဏသိဒ္ဓိအားကစားကွင်း အမှတ် (၃) ၌ အုပ်စု(ဃ) ပွဲစဉ်ဖြစ်သော ရန်ကုန်အရှေ့ပိုင်းဇုန်နှင့် တောင်ကြီးဇုန်မှ ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ယင်းပွဲစဉ်တွင် တောင်ကြီးဇုန်က ရန်ကုန်အရှေ့ပိုင်းဇုန်ကို ခြောက်ဂိုး- ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိသည်။ ညနေပိုင်းတွင် ကွင်းအမှတ် (၁) တွင် အုပ်စု (က) ပွဲစဉ်ဖြစ်သော ရန်ကုန်အနောက်ပိုင်းဇုန်နှင့် ဘားအံဇုန်တို့ ယှဉ်ပြိုင်ကစားကြရာ ဘားအံဇုန်က ရန်ကုန်အနောက် ပိုင်းဇုန်ကို လေးဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိသည်။

ညနေပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ် (၃) တွင် အုပ်စု(က) ပွဲစဉ်ဖြစ်သော ပုသိမ်ဇုန်နှင့် ပြည်ဇုန်တို့ ယှဉ်ပြိုင်နေမှုများကို ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဝင်များ၊ အုပ်ချုပ်သူနည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ ကြည့်ရှုအားပေးသည်။ အဆိုပါပြိုင်ပွဲတွင် ပုသိမ်ဇုန်နှင့် ပြည်ဇုန်တို့ အကြိတ်အနယ်ကစားကြရာ တစ်ဂိုးစီသရေပွဲဖြစ်သည်။ ပွဲစဉ်အပြီးတွင် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက အားကစားသမားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။    

သတင်းစဉ်