နေပြည်တော် ဇန်နဝါရီ ၂၃
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လန်ပူရီမြို့လေဆိပ်၌ ယနေ့နံနက်ပိုင်းတွင် မြန်မာ့တပ်မတော်မှ သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီး ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မြန်မာတပ်မတော်မှ သယ်ယူပို့ဆောင်ရေးလေယာဉ် (Y-8 F 200 WB အမျိုးအစား၊ လေယာဉ်အမှတ်-၅၈၂၁) သည် မြန်မာ-အိန္ဒိယ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် ယနေ့နံနက် ၁၀ နာရီခန့်တွင် မိတ္ထီလာမြို့မှထွက်ခွာခဲ့ပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လန်ပူရီမြို့လေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် ရောက်ရှိဆင်းသက်စဉ် ရုတ်တရက် စက်ချို့ယွင်းမှုကြောင့် လေယာဉ်ပြေးလမ်း ချော်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လေယာဉ်ပြေးလမ်းချော်မှုကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာခဲ့ကြသည့် လေယာဉ် အရာထမ်း/အမှုထမ်းများအနက် ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူစေလျက်ရှိသည်။ ထိုသို့ လေယာဉ်စက်ချို့ယွင်းပြီး ပြေးလမ်းချော်ခဲ့မှုနှင့်ပတ်သက်၍ အသေးစိတ် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။