Skip to main content

မတ္တရာမြို့နယ်၊ မှော်နီကုန်းရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း မဟုတ်မမှန် သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇန်နဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မှော်နီကုန်းကျေးရွာကို ယနေ့နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ DVB က မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ မတ္တရာမြို့နယ်တွင် နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်း ရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF အမည်ခံအကြမ်းဖက်သမားများက မှော်နီကုန်းကျေးရွာအနီးတွင် လာရောက်တိုက်ခိုက်ခဲ့ပြီး ပြန်လည်ထွက်ပြေးချိန်တွင် မှော်နီကုန်းကျေးရွာမှ နေအိမ်များကို မီးရှို့ထွက်ပြေးသွားခဲ့ကြောင်း မြေပြင်သတင်းပေးပို့ချက်များနှင့် လုံခြုံရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ တရားမဝင်ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။