Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် အမှတ် (၅) ဓာတ်မြေဩဇာစက်ရုံ (ကန်ကြီးထောင့်) နှင့် ဘုရားကုန်းဒေသတွင် 2D ဆိုက်စမစ် တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၂၂

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးရှိ အမှတ်(၅) ဓာတ်မြေဩဇာစက်ရုံ(ကန်ကြီးထောင့်)နှင့် ဘုရားကုန်းဒေသတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရန် 2D ဆိုက်စမစ် (Seismic) တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ် (၅) ဓာတ်မြေဩဇာ စက်ရုံ (ကန်ကြီးထောင့်) သို့ရောက်ရှိကြပြီး စက်ရုံလည်ပတ်ထုတ်လုပ်နေမှု၊ စက်ရုံ၏ပင်မထိန်းချုပ်ခန်းတွင် Distributed Control System (DCS) စနစ်ဖြင့် စက်ရုံအားထိန်းချုပ်လည်ပတ်နေမှုအခြေ အနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် စက်ရုံဧည့်ခန်းမတွင် စက်ရုံမှူးကကုန်းတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများမှ ထုတ်လုပ်ရရှိသည့်သဘာဝဓာတ်ငွေ့ကို ကုန်ကြမ်းအဖြစ်အသုံးပြု၍ ဓာတ်မြေဩဇာများထုတ်လုပ် ဖြန့်ဖြူးပေးနေသည့်အခြေအနေများ၊ ကုန်ထုတ်လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ထားမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယခုအချိန်တွင် မိမိတို့၏ဓာတ်မြေဩဇာထုတ်လုပ်နိုင်မှုသည် နိုင်ငံတော်လိုအပ်ချက်၏ ၇ ရာခိုင်နှုန်းသာ ရှိနေသည့်အတွက် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း။

တောင်သူများအနေဖြင့် မိမိတို့ပြည်တွင်း၌ ထုတ်လုပ်သည့်ဓာတ်မြေဩဇာများကို အဖိုးနှုန်းချိုသာစွာဖြင့်ရရှိနိုင်ရေးအတွက် ပြင်ပပေါက်ဈေးထက် များစွာလျှော့ချရောင်းချနိုင်ရန် နိုင်ငံတော်အနေဖြင့် များစွာစိုက်ထုတ်ပေးထားပါကြောင်း၊ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ဓာတ်မြေဩဇာစက်ရုံတည်ရှိနေသဖြင့် သယ်ယူပို့ဆောင်ခ အလွန်သက်သာနိုင်ပြီး စက်ရုံထုတ်ဈေးနှုန်းနှင့် မကွာသောဈေးနှုန်းဖြင့် ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည့် ဓာတ်မြေ ဩဇာ၏ ၂၇ ရာခိုင်နှုန်းကို ဧရာဝတီတိုင်းဒေသကြီးသို့ ဖြန့်ဖြူးပေးခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ တွင် ၃၄ ရာခိုင်နှုန်းထိ တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားပြီး စက်ရုံတွင်တာဝန်ထမ်း ဆောင်နေသော ဝန်ထမ်းများကို ဂုဏ်ပြုဆုငွေများပေးအပ်သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများ ရှင်းလင်းပြောကြားပြီး စက်ရုံဝန်ထမ်းများအတွက်အင်အားဖြည့် အစားအစာများ ထောက်ပံ့ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ရေနံနှင့်သဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရန် 2D ဆိုက်စမစ် (Seismic) တိုင်းတာရေးလုပ်ငန်းများဆောင်ရွက်နေသည့် ဘုရားကုန်းဒေသသို့ရောက်ရှိကြရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာပြည်ထောင်စုဝန်ကြီးက ယခုအချိန်တွင် နိုင်ငံတော်၏သဘာဝဓာတ်ငွေ့လိုအပ်ချက်ကို ၅၀ ရာခိုင်နှုန်းခန့်သာ ဖြည့်ဆည်းပေးနိုင်လျက်ရှိပါကြောင်း၊ MSME လုပ်ငန်းများအပါအဝင် ကုန်ထုတ် လုပ်မှုကဏ္ဍတွင် သဘာဝဓာတ်ငွေ့လိုအပ်မှု၏ ၂၀ ရာခိုင်နှုန်းခန့်သာ ဖြန့်ဖြူးပေးနိုင်နေသည်ဖြစ်ရာ တိုးတက်သုံးစွဲလာနိုင်မှုများကို မျှော်မှန်း၍ ၂၀၂၈ တွင် ပြည့်မီစွာဖြည့်ဆည်းပေးနိုင်ရေး ငါးနှစ်တာကာလအတွက် နှစ်အလိုက်အကောင်အထည်ဖော်မည့် အစီအမံပြုလုပ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်လျက်ရှိရာတွင် အဖျောက် သဘာဝဓာတ်ငွေ့ မြေ၌အောင်မြင်မှုရရှိခဲ့သဖြင့် ၂၀၂၄ ခုနှစ် ရည်မှန်းချက်ကို ပထမလမှာပင်ပြည့်မီ သွားပါကြောင်း၊ ထို့ကြောင့် ၂၀၂၅ ခုနှစ်ရည်မှန်းချက် ပြည့်မီရေးအတွက် ယခုတိုင်းတာရေးပြုလုပ်နေသည့် ဘုရားကုန်းဒေသ၏ လုပ်ငန်းစဉ်များသည် အရေးကြီးပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူများအပေါ်တွင် ထားရှိသည့်စေတနာနှင့် မိမိတို့အတတ်ပညာများ၊ အတွေ့အကြုံများပေါင်းစပ်ပြီး လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

စွမ်းအင်ဝန်ကြီးဌာနသည် သဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ သဘာဝဓာတ်ငွေ့ထုတ်ယူရန် အလားအလာရှိသည့် ဘုရားကုန်းဒေသတွင် ၂၀၁၉ ခုနှစ်မှ ရပ်ဆိုင်းထားသည့် ဆိုက်စမစ်လုပ်ငန်းများကို ယခုအခါပြန်လည်စတင်လျက်ရှိပြီး ၂၀၂၄ ခုနှစ် မတ်လအတွင်းအပြီးဆောင်ရွက်ကာ ၂၀၂၅ ခုနှစ်မှစတင်၍ သဘာဝဓာတ်ငွေ့များ စမ်းသပ်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်