နေပြည်တော် ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ်၌ တရားမဝင် လက်နက်/ခဲယမ်းများ သယ်ဆောင်ရန်ရှိကြောင်း အကြမ်းဖက်မှုကိုမလိုလားသော ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများဆောင်ရွက်စဉ် PNLO ယူနီဖောင်း ဝတ်ဆင်ထားသူများ လိုက်ပါလာသော မော်တော်ယာဉ်ငါးစီးကိုတွေ့ရှိရသဖြင့် လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ရာ PNLO ယူနီဖောင်းဝတ်ဆင်ထားသူ တစ်ဦးက သေနတ် စတင်ပစ်ဖောက်မှုဆောင်ရွက် လာသည့်အတွက် ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး PNLO အ ဖွဲ့က ၎င်းတို့ယာဉ်တန်းမှယာဉ်များကို မီးရှို့ထွက်ပြေးသွားခဲ့သဖြင့် ယာဉ်များပေါ်ရှိ ခဲယမ်း ဟု ယူဆရသောပစ္စည်းများပေါက်ကွဲ၍ စံဖူးကျေးရွာ ရှိ ဒေသခံပြည်သူများ၏ နေအိမ်များသို့ မီးများကူးစက်ခဲ့ပြီး နေအိမ် ၂၇ လုံး မီးလောင်ပျက်စီးခဲ့သည့်သတင်းကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ အဆိုပါ မီးလောင်ပျက်စီးခဲ့သည့်နေရာသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်ဝင်းဇော်မိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် မီးဘေးသင့်ပြည်သူများအားဆန်၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့ပေးအပ်သည်။
ထောက်ပံ့ငွေများ ပေးအပ်
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ ဖာလွိုင်ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပဏ္ဌဝအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ဖာလွိုင်ဘုန်းတော်ကြီးကျောင်း၌ ယာယီတည်းခိုနေကြသည့် စံဖူးကျေးရွာမှ မီးဘေးသင့်ပြည်သူများနှင့် တွေ့ဆုံကာထောက်ပံ့ငွေများ ပေးအပ်သည်။
အားပေးစကားများ ပြောကြား
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက စံဖူးကျေးရွာရှိ မီးဘေးသင့်နေအိမ်များကို လှည့်လည်ကြည့်ရှု၍ အားပေးစကားများ ပြောကြားပြီး မီးဘေးသင့်ပြည်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၅ သိန်းနှုန်းဖြင့် အိမ်ထောင်စု ၂၇ စုအတွက် ငွေကျပ်သိန်းပေါင်း ၁၃၅ သိန်းကို လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂ သိန်းနှုန်းဖြင့် ငွေကျပ် ၅၄ သိန်းနှင့် လူသုံးကုန်ပစ္စည်း ၂၂ မျိုးပါ Family Case ၂၇ ပုံးတို့ကိုလည်း ကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှထောက်ပံ့သည့် ဆန်ရိက္ခာဖိုးငွေ တစ်လစာအတွက် လူတစ်ဦးလျှင် ငွေကျပ် ၉၀၀၀ နှုန်းဖြင့် လူဦးရေ ၉၈ ဦးအတွက် ထောက်ပံ့ငွေကျပ် ၈၈၂၀၀၀ ကိုလည်းကောင်း တာဝန်ရှိသူများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး လူသုံးကုန်ပစ္စည်းများဖြစ်သည့် စောင်၊ ခြင်ထောင်၊ အိပ်ရာခင်း၊ ခေါင်းအုံး၊ အနွေးထည်၊ Smart အင်္ကျီ၊ ငွေသား၊ သွပ်၊ သံပစ္စည်း၊ ပစ္စည်း ၂၂ မျိုးပါပုံး၊ မိုးကာတဲ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ တစ်ကိုယ်ရေသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မီးငြှိမ်းသတ်ရာတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်