နေပြည်တော် ဇန်နဝါရီ ၂၂
သမဝါယမဦးစီးဌာန၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး) မှ နေပြည်တော်နှင့်ပတ်ဝန်းကျင် လေ့လာရေးခရီး လာရောက်ကြသည့် ဒုတိယနှစ် ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရုံးအမှတ် (၁၆) ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီးဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီး၊ကြီးကြပ်သူ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက လေ့လာရေးခရီးစဉ်၏ ရည်ရွယ်ချက်မှာ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ဝါးထင်ထင် လေ့လာတွေ့ရှိကာ လေ့လာရေးခရီးစဉ်မှရရှိသော အတွေ့အကြုံကောင်းများကို မိမိတို့ဒေသတွင် လူမှုစီးပွားဘဝမြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထိရောက်စွာ ပြန်လည်အသုံးချနိုင်စေရန်၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ပွားများ ခိုင်မာလာစေရန် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။
တိုက်တွန်းပြောကြား
ကျောင်းသား ကျောင်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးနှင့် လုပ်ငန်းအတွေ့အကြုံကို တစ်ပါတည်းရရှိစေရန်အတွက် Internship Program များ ထည့်သွင်းရေးဆွဲ ခဲ့ပြီး သမဝါယမအသင်းများနှင့် စီးပွားရေးအဖွဲ့အစည်းများသို့ လက်တွေ့လေ့လာဆောင်ရွက် စေခဲ့ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် စာကို ကြိုးစားသင်ယူပြီး မိမိအတွက်၊ မိသားစုအတွက် နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် လူချွန်လူကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်စေ လိုကြောင်း တိုက်တွန်းပြောကြား သည်။
ယင်းနောက် လေ့လာရေး အဖွဲ့ဝင် ကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
ရှင်းလင်းပြသ
လေ့လာရေး အဖွဲ့ဝင်များ သည် ယနေ့နံနက်ပိုင်းက သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့် တာဝန်ရှိသူများနှင့်အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး အလှူငွေများပေးအပ်လှူဒါန်းသည်။ ထို့နောက် ဗုဒ္ဓမော်ကွန်းပြတိုက်တွင် တာဝန်ရှိသူတစ်ဦးက ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ဖြစ်ပေါ်လာသည့် သမိုင်းကြောင်းနှင့် ဆောင်ရွက်ခဲ့သည့် မှတ်တမ်းများ ကို Projector ဖြင့် ရှင်းလင်းပြသသည်။
သွားရောက်လေ့လာ
ထိုမှတစ်ဆင့် လေ့လာရေးအဖွဲ့ဝင် ကျောင်းသားကျောင်းသူများသည် အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက အမျိုးသားပြတိုက်ရှိ ရှေးဟောင်းရုပ်ကြွင်းနှင့် ပန်းချီများ၊ မြို့ဟောင်းပုံစံငယ်များ၊ မြန်မာဘုရင်များ အသုံးပြုခဲ့သည့် ပလ္လင်နှင့်ထီးသုံးနန်းသုံးပစ္စည်းများ၊ ခေတ်အဆက်ဆက် လက်မှုအနုပညာပြခန်းများ၊ အာဆီယံ ပြခန်းနှင့် ကလေးသူငယ် ပညာပေးရေးအစီအစဉ်များကို လိုက်လံရှင်းလင်းပြသသည်။
ယင်းနောက် လေ့လာရေးအဖွဲ့ သည် နေပြည်တော်ဗုဒ္ဓဂယာသို့ သွားရောက်၍ မဟာဗောဓိစေတီ တော်မြတ်ကြီးနှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကို ဖူးမြော်ကြရာ တာဝန်ရှိသူဂေါပကအဖွဲ့က သတ္တသတ္တာဟ ခုနစ်ဌာနဖြစ်သော မဟာဗောဓိပင်နှင့် ရွှေပလ္လင်၊ အနိမိသသတ္တာဟ စေတီတော်၊ စင်္ကမသတ္တာဟ စင်္ကြံတော်၊ ရတနာဃရသတ္တာဟ ရတနာစံအိမ်၊ အဇပါလသတ္တာဟ ဆိတ်ကျောင်းသားတို့ နားခိုရာညောင်ပင်၊ မုစလိန္ဒသတ္တာဟရေအိုင်၊ ရာဇာယတနသတ္တာဟ လင်းလွန်းပင်နေရာများသို့ လိုက်လံရှင်းလင်းပြသသည်။
ကပြဖျော်ဖြေ
ထိုမှတစ်ဆင့် လေ့လာရေးအဖွဲ့သည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) သို့ သွားရောက်လေ့လာကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသူက ပင်မအဆောက်အဦရှိ Auditorium ခန်းမတွင် ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး မြန်မာ့ရုပ်မြင်သံကြား၏ သတင်းရိုက်ကူးတည်းဖြတ်ထုတ်လွှင့်ပုံ အဆင့်ဆင့်ကိုလည်းကောင်း၊ တိုင်းရင်းသား ရုပ်သံလိုင်း (NRC) ထုတ်လွှင့်နေမှုများကိုလည်းကောင်း၊ စိန်ရတုပြတိုက်နှင့် ရေဒီယိုထုတ်လွှင့်မှု အစီအစဉ်များကို လည်းကောင်း တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသ၍ လေ့လာရေးအဖွဲ့ဝင်ကျောင်းသူများ၏ “ယောသူတို့ရွာ” တေးသီချင်းဖြင့် ကပြ ဖျော်ဖြေမှုကို လက်တွေ့မှတ်တမ်း ရိုက်ကူးပြသသည်။
ဖွင့်လှစ်သင်ကြား
သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ပညာဆက်လက်သင်ယူရန် အခက်အခဲ ရှိသူများကို စာရင်းရေးစာရင်းကိုင် ပညာဖြင့် သက်မွေးမှုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်၊ သက်မွေးမှုပညာသင်ယူတတ်မြောက်ပြီး သူများထဲမှထူးချွန်သူများကို သမဝါယမကောလိပ်များနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်များသို့ ပေါင်းကူး၍ ပညာဆက်လက်သင်ယူနိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်စေရန်ရည်ရွယ်လျက် သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်းများကို မကွေး၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးနှင့်ပုသိမ်မြို့များ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်