Skip to main content

မိုဘိုင်းငွေပေးချေမှုလမ်းကြောင်းများမှတစ်ဆင့် ငွေကြေးလိမ်လည်မှုတားဆီးရေး အသိပညာပေးဆွေးနွေး

နေပြည်တော် ဇန်နဝါရီ ၂၂

ဘဏ်များနှင့်ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများပူးပေါင်း၍ အများပြည်သူသို့ မိုဘိုင်းငွေပေးချေမှုလမ်းကြောင်းများမှတစ်ဆင့် ငွေကြေးလိမ်လည်မှုတားဆီးရေး အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဦးဆောင်၍ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Hilton Hotel ၊ Grand Ballroom ၌ ကျင်းပသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟို ဘဏ် ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ကြီးကြပ် ကော်မတီအဖွဲ့ဝင်များ၊ ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ပုဂ္ဂလိကလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

နည်းပညာမြှင့်တင်ကာကွယ်

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၁ ရာစု အစောပိုင်း၌ ခေတ်မီနည်းပညာများ နေ့စဉ်နှင့်အမျှ တိုးတက်ဖြစ်ပေါ်လျက်ရှိပြီး လူမှုရေး၊ စီးပွားရေးတို့တွင် Social Media များမှတစ်ဆင့် Online အသုံးပြုမှုများ များပြားလာသည်နှင့်အမျှ Online စနစ်၏ လုံခြုံရေးကို သိရှိနားလည်ထားရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှု ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း အမှုပေါင်း ၄၈၂ မှု ရှိခဲ့ပါကြောင်း၊ နိုင်ငံခြားသားများ ပါဝင်သည့် ငွေကြေးလိမ်လည်မှုမှာ Social Media များမှတစ်ဆင့်ချိတ်ဆက်၍ ရင်းနှီးမှုရယူ၍ တန်ဖိုးကြီးဥစ္စာပစ္စည်းများ ပေးပို့ဟန်ဆောင်ပြီး ဆွဲဆောင်လိမ်လည်ကြခြင်းဖြစ်ပြီး အဆိုပါလိမ်လည်မှုတွင်ပါဝင်သည့် နိုင်ဂျီးရီးယားနိုင်ငံသား ၂၃ ဦး၊ ထိုင်းနိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသား ၅၉ ဦးကို အရေးယူနိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် ငွေကြေးလိမ်လည် မှုများနှင့်စပ်လျဉ်း၍ တားဆီးကာကွယ်ရန် သတင်းအချက်အလက် ရယူခြင်းနှင့် စစ်ဆေးဖော်ထုတ်အရေးယူခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (SOP) များကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါညွှန်ကြားချက်များနှင့်အညီ မိုဘိုင်းငွေရေးကြေးရေး လိမ်လည်မှုများအား ကာကွယ်တားဆီးနိုင်ရန်နှင့် မိုဘိုင်းငွေကြေးလိမ်လည်မှုများနှင့်စပ်လျဉ်းပြီး အများပြည်သူသို့ အသိပညာပေးရန်ကိစ္စရပ်များ၊ သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များ၊ ကြုံတွေ့နေရသည့် အခက်အခဲများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် တက်ရောက်လာသူများမှ ပါဝင်ဆွေးနွေးခြင်းဖြင့် မသမာသူများက လိမ်လည်မှုများ ကျူးလွန်သည့်နေရာတွင် မိုဘိုင်းငွေပေးချေမှု လမ်းကြောင်းများကို အသုံးပြုလာမှုအပေါ် နည်းပညာမြှင့်တင်ကာကွယ်ပေးနိုင်ရန် တိုက်တွန်းပြောကြားသည်။

ပူးပေါင်းဆောင်ရွက်သွားရန်လို

ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့်ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဦးဆောင်သော ဆက်စပ်ဝန်ကြီး ဌာနများပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများကြီးကြပ်မှုကော်မတီ ဖွဲ့စည်းပေးပြီး ဘဏ်နှင့်မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုများကိုအသုံးပြု၍ လိမ်လည်မှုဖြစ်စဉ်ကို တိုင်ကြားလာပါက ဆောင်ရွက်ရမည့် စံလုပ်ငန်းစဉ်များဆိုင်ရာ လမ်းညွှန်ချက် (SOP) များအတိုင်း လိုက်နာဆောင်ရွက်၍ ငွေကြေးလိမ်လည်မှုများအား အချိန်မီတားဆီးနိုင်ရေးနှင့် အရေးယူမှု မြန်ဆန်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ (Action Task Force) ဖွဲ့စည်းရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ကြီးကြပ်ကွပ်ကဲမှုအပိုင်းက ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ မိုဘိုင်းငွေရေးကြေးရေးလုပ်ငန်းများ စနစ်တကျကျယ်ပြန့်စွာအသုံးပြုနိုင်ရန် ဆောင်ရွက်ပေးနေသကဲ့သို့ ပြည်သူများအနေဖြင့်လည်း မိမိ၏ငွေကြေးများကို လိမ်လည်မှုမခံရစေရေး မိမိတို့ကိုယ်တိုင်ကာကွယ်ရန်နှင့် အစိုးရဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားသည်။

ဆွေးနွေး

ဆွေးနွေးပွဲတွင် အသိပညာပေးအစီအစဉ်အနေဖြင့် မိုဘိုင်းငွေကြေးစနစ် လုံခြုံမှုရှိစေရန်အတွက် မရှိမဖြစ်သိသင့်သော အကြောင်းအရာများနှင့် ကျင့်သုံးဆောင်ရွက်နိုင်မည့် နည်းလမ်းကောင်းများကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းခြင်း၊ ပညာပေးဗီဒီယိုပြသခြင်းများ ဆောင်ရွက်သည်။ ထို့နောက်မြန်မာ့သတင်းအချက်အလက် လုံခြုံရေးအသင်း၏ ပူးတွဲတည်ထောင်သူ ဦးရဲသူရသက်က အွန်လိုင်းလိမ်လည်မှု နည်းပရိယာယ်များ၊ နည်းပညာများနှင့် လုပ်ကိုင်နည်းများကို သုံးသပ် တင်ပြခြင်းနှင့် နေ့စဉ်နှင့်အမျှ ဂရုပြုသင့်သော မိုဘိုင်းငွေကြေး လုံခြုံမှုဆိုင်ရာ အကြောင်းအရာများ၊ လိမ်လည်မှုဆိုင်ရာနည်းပညာများ၊ မိမိကိုယ်ကို ကာကွယ်နိုင်မည့် နည်းလမ်းများကို အပြန်အလှန်စကားဝိုင်းဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးရာဇာလင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးကြီးညွန့်ဝေ၊ ကမ္ဘောဇဘဏ်လီမိတက်မှ ဦးစိုးကိုကို၊ Wave Money မှ ဒေါ်ခိုင်ဝေသွယ်၊ City Mart Holding Limited မှ ဦးငြိမ်းချမ်းစိုးဝင်း၊ Lady Grace Online Shop Owner ဒေါ်ဝေသက်မွန်တို့က ဆွေးနွေးကြသည်။

 သတင်းစဉ်