Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၂၂

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီး ဦးရဲတင့်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် အခမ်းအနားကျင်းပမည့် နေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ ၌ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဝင်မုခ်ဦး၊ ရွှေရင်ထိုးတပ်ဆင်ပေးမည့်နေရာ၊ Fashion Booth ၊ Photo Booth ၊ Interview Booth ၊ ဂုဏ်ပြုခံလျှောက်လမ်း (Red Carpet) နေရာများကိုလည်းကောင်း၊ အခမ်းအနားကျင်းပမည့် ကျောက်စိမ်းခန်းမ၌ အကယ်ဒမီဆုပေးပွဲ စင်မြင့်တည်ဆောက်နေမှု၊ LED ဘုတ်များတပ်ဆင်နေမှု၊ ဖျော်ဖြေရေးစင်မြင့်တည်ဆောက်မည့် နေရာ၊ အသံစနစ်နှင့်မီးစနစ်များ တပ်ဆင်ပြီးစီးနေမှု၊ နေရာထိုင်ခင်းများ စီစဉ်ဆောင်ရွက်ထားရှိမှု၊ မီဒီယာဇုန် သတ်မှတ်ထားမှုများကိုလည်းကောင်း၊ ဆုရရှိကြသူများ အင်တာဗျူးရမည့် နေရာ၊ Fashion Award ဆုများ၊ Fashion Award အကဲဖြတ်ဒိုင်များနှင့် ရွှေကြိုများထားရှိမည့်နေရာ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။

ညှိနှိုင်းဆွေးနွေး

 ထို့နောက် အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများက LED ဘုတ်များ၊ အသံပိုင်းနှင့်မီးပိုင်းဆိုင်ရာကိစ္စရပ်များ၊ အခမ်းအနားသို့ တက်ရောက်ကြမည့်သူများအတွက် နေရာထိုင်ခင်းနှင့် ဧည့်ခံရေးအစီအစဉ်များ၊ ဖိတ်ကြားရေး၊ တည်းခိုနေထိုင်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ကြိုဆို နေရာချထားရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးကိစ္စရပ်များ၊ ကျွေးမွေးဧည့်ခံမည့် အစီအစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးသည်။

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် အနုပညာရှင်များကို မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများအပြင် ဖက်ရှင်ဆုများ (Fashion Awards) ကိုလည်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်