ရန်ကုန် ဇန်နဝါရီ ၂၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် သာသနာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်အောင်နှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေ မဟာနာယက ကျောင်းတော်ကြီးဘုရားခန်းမ၌ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာ ပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသအမှူးပြုသော နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ တာဝန်ကျ တတိယအဖွဲ့ခွဲဆရာ တော်ကြီးများကို ဖူးမြော်ကြည်ညိုပြီး အဋ္ဌကထာ စာအုပ်များကို ဆဋ္ဌမူအတိုင်း ပုံနှိပ်ထုတ်ဝေမည့် ကိစ္စရပ်များ၊ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့(၄၇)ပါးစုံညီ သောဠသမအစည်းအဝေးနှင့် အဋ္ဌမအကြိမ်နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ ဆဋ္ဌအစည်းအဝေးများ ကျင်းပမည့်အခြေအနေများနှင့် စပ်လျဉ်း၍ လျှောက်ထားကာ ဆရာတော်ကြီးများထံမှ သြဝါဒခံယူသည်။
ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကမ္ဘာအေးကုန်းမြေ သုံးထပ်ဆွမ်းစားဆောင်၌ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ သြဝါဒါစရိယဆရာတော်ကြီး များ၊ ကြီးကြပ်ရေးဆရာတော်များနှင့် သဘောရေးဖြေစာမေးပွဲစာဖြေ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းမှုကို ကြည်ညိုပြီး မွန်းလွဲပိုင်းတွင် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ တိပိဋကဓရတိပိဋက ကောဝိဒရွေးချယ်ရေးစာမေးပွဲ သြဝါဒါစရိယဆရာ တော်ကြီးများ၊ ကြီးကြပ်ရေးဆရာတော်များနှင့် သဘောရေးဖြေစာမေးပွဲ ဖြေဆိုတော်မူကြသည့် စာဖြေသံဃာတော်များအား ဖူးမြော်ကြည်ညိုသည်။ ယနေ့တွင် အဘိဓမ္မာပထမပိုင်း(ဝိဘင်္ဂ) ဖြေဆိုသံဃာ ၁၁ ပါး၊ အဘိဓမ္မာဒုတိယပိုင်း(ယမိုက်) ဖြေဆို သံဃာငါးပါးနှင့်ဝိနည်းပထမပိုင်း(ပါစိတ်) ဖြေဆိုသံဃာ ၁၀၅ ပါး စုစုပေါင်းသံဃာ ၁၂၁ ပါးတို့ ဖြေဆိုလျက်ရှိပြီး တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေး သဘော ရေးဖြေစာမေးပွဲကို ဇန်နဝါရီ ၂၄ ရက်အထိ ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် ကမ္ဘာအေးကုန်းမြေရေဂါလန် ၅၀၀၀၀ ဆံ့ ရေတိုင်ကီနှင့်ရေစင်အသစ်တည်ဆောက်ခြင်း လုပ်ငန်းနှင့်မဟာနာယကကျောင်းတော်ကြီး၏ ဆွမ်းချက်ဆောင် သံကူကွန်ကရစ် တစ်ထပ်ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)ပရိဝုဏ်အတွင်းရှိ ဆဋ္ဌသင်္ဂါယနာသာသနာ့သမိုင်းဝင် မဟာသိမ်တော်ကြီး အကြီးစားပြုပြင်မွမ်းမံ ပြင်ဆင်မည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်