နေပြည်တော် ဇန်နဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးတို့နှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် မန္တလေးလျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနအကြီးအကဲများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့်ဘဏ္ဍာရေး တာဝန်ခံများ တက်ရောက်ကြသည်။
စနစ်တကျကောက်ခံ
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်မှုကို တိုးချဲ့တည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်နေသကဲ့သို့ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားများကို ပိုမိုသယ်ဆောင်နိုင်ရန်ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း ဓာတ်အားပြတ်တောက်မှု၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးတို့ကို ဟန်ချက်ညီ တိုးတက်ကောင်းမွန်စေရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ စီမံဆောင်ရွက်မှုများအပေါ်အားလုံးက တက်ညီလက်ညီ ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ဓာတ်အားခကောက်ခံရာတွင်လည်း ရရှိသင့်သော နိုင်ငံတော်၏ဘဏ္ဍာငွေကို အလေအလွင့်မရှိစေရေးစနစ်တကျကောက်ခံသွားရန် လိုအပ်ပါကြောင်း။
ဖြည့်ဆည်းဆောင်ရွက်
ထို့ပြင် ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားများကို ပြည်သူလူထုထံသို့ ဖြန့်ဝေပေးပို့ရာတွင် ထုတ်လုပ်မှုအပေါ်အခြေခံ၍ စနစ်တကျ ထိန်းညှိဖြန့်ဖြူးပေးလျက်ရှိသည်ကို ပြည်သူလူထုသို့ ချပြအသိပေးဆောင်ရွက်သွားရန်နှင့် ထိုသို့ဖြန့်ဖြူးပေးပို့ရာတွင် မျှတစွာဖြင့် သတ်မှတ်အချိန်အလိုက် စနစ်တကျခွဲဝေ ဖြန့်ဖြူးပေးသွားရန်လိုအပ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေသော ဌာနဖြစ်သည့်အလျောက် စေတနာထား၍ လုပ်ဆောင်ပေးကြရန်နှင့် ပြည်သူလူထု၏ ဖြစ်ပေါ်နေသော အခက်အခဲများကို ပွင့်လင်းမြင်သာစွာ ရှင်းပြပြီးတတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများက မိမိတို့ခရိုင်/ မြို့နယ်များအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားမှု၊ နှစ်အလိုက် ဓာတ်အားတိုးတက်သုံးစွဲလာမှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးအတွက် ဆောင်ရွက်ထားရှိမှု၊ ဓာတ်အားခများ ကောက်ခံရရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြပြီး အမှုဆောင်အရာရှိချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ပြီးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်