Skip to main content

မှော်ဘီမြို့နယ်၊ လှည်းကူးမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၂၀

တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ နယ်လှည့်ဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် မြို့ချောင်းကျေးရွာအုပ်စုဥသျှစ်ကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၂၀၈ ဦးတို့ကို အဆိုပါကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌လည်းကောင်း၊ လှည်းကူးမြို့နယ် ပုတ်သင်ညိုကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်နှစ်ပါးနှင့် ဒေသခံပြည်သူ ၉၃ ဦးတို့ကို အဆိုပါကျေးရွာရှိ မြရတနာကျောင်းတိုက်၌လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံနယ်လှည့် ဆေးကုသရေးအဖွဲ့က မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် နပဲကျူးရပ်ကွက် သုပ္ပဋိပန္နစောခင်ဌေး ပရိယတ္တိစာသင်တိုက်ရှိ သံဃာတော် ၁၆၉ ပါးတို့ကို အဆိုပါကျောင်းတိုက်၌လည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့များက ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုးအကြောရောဂါ၊ အာရုံကြောအားနည်းရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကလေးရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးသွေးကြောရောဂါစမ်းသပ်စစ်ဆေးခြင်း၊ တီဗီဓာတ်မှန်ရိုက်ကူး၍ ရောဂါရှာဖွေခြင်း၊ ဆီးချို/ သွေးချို စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများအား နယ်မြေခံတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်