မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းသည် နိုင်ငံတော်အစိုးရ၏ ချမှတ်ထားသော စီးပွားရေးမူဝါဒများနှင့် စီးပွားရေးဦးတည်ချက်များကို လိုက်ပါအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသင်းတစ်ခုဖြစ်ပြီး ယင်းအသင်းကြီး၏ (၃၁) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရှိ မင်္ဂလာခန်းမ၌ ကျင်းပရာ တာဝန်ရှိသူများ၏ စကားသံတို့ကို ဖော်ပြလိုက်ပါသည်။
ဦးဆန်းလင်း
(မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ)
ကျွန်တော်တို့အသင်းအနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသုံးဆီတွေ တင်သွင်းရရှိရေး၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေး၊ စားသုံးသူတွေကို သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ သုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေပါတယ်။ ပြည်တွင်းမှာ ဆီထွက်သီးနှံထွက်ရှိမှု အားနည်းတဲ့အတွက် ပြည်ပကနေ တင်သွင်းဖြန့်ဖြူးရောင်းချနေရတာကြောင့် ဆီထွက်သီးနှံ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်အောင် ကြိုးစားဆောင်ရွက်ပြီး စားသုံးဆီဖူလုံရေးကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လက်ရှိမှာ ပြည်ပကတင်သွင်းတဲ့ စားအုန်းဆီတွေကို ပြည်ပပေါက်ဈေးအတိုင်း အပတ်စဉ် တွက်ချက်ထုတ်ပြန်ပြီး ရောင်းချပေးလျက်ရှိပါတယ်။ ဝယ်ယူရရှိသူတွေအနေနဲ့ အပတ် စဉ် တွက်ချက်ထားတဲ့ ရည်ညွှန်းဈေးအပေါ်မှာ နှစ်ရာခိုင်နှုန်း အကျိုးအမြတ်နဲ့ စရိတ်စကပေါင်းပြီး ရောင်းချပေးရမယ်လို့ သတ်မှတ်ထားပါတယ်။ စားသုံးသူတွေအနေနဲ့ စိုးရိမ်စိတ်နဲ့ စားသုံးဆီဝယ်ယူစုဆောင်းတာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
ယနေ့နှစ်ပတ်လည်အစည်းအဝေးဟာ သုံးနှစ်တစ်ကြိမ် ကျင်းပတဲ့ အမှုဆောင်သက်တမ်း ရွေးချယ်တင်မြှောက်ပွဲလည်းဖြစ်ပါတယ်။ ဆီထွက်သီးနှံအများဆုံးထွက်ရှိတဲ့ဒေသတွေ အပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာ အသင်းခွဲပေါင်း ၄၄ သင်းရှိပါတယ်။ ပြည်တွင်းစားသုံးမှုဖူလုံပြီး ပြည်ပအထိ တင်ပို့နိုင်ဖို့ နိုင်ငံရဲ့စီးပွားရေးဦးတည်ချက်မှာ ပါဝင်တဲ့အတွက် အသင်းအနေနဲ့ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို နိုင်ငံတော်အကြီးအကဲတွေ၊ ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့တို့နဲ့ ပူးပေါင်းဆောင်ရွက် လုပ်ဆောင်လျက်ရှိပါတယ်။၊
ဦးမောင်မောင်ဇော်
(MD- Global Good Pure Group)
IV-58(Iodine Value)ရှိတဲ့ နိုင်ငံတကာအရည်အသွေးမီ စားသုံးဆီတွေကို အင်ဒိုနီးရှားနိုင်ငံနဲ့ မလေးရှားနိုင်ငံက တင်သွင်းနေတာဖြစ်ပါတယ်။ ရောက်ရှိလာတဲ့ဆီတွေကို သက်ဆိုင်ရာတာဝန် ရှိသူတွေ စမ်းသပ်စစ်ဆေးပြီးမှ ဖြန့်ဖြူးရောင်းချတာပါ။ အရင်ကတော့ ကုမ္ပဏီတွေအစီအစဉ်နဲ့ ဖြန့်ဖြူးရောင်းချတာပါ။ အခုချိန်မှာတော့ ရောက်ရှိလာတဲ့ ဆီတွေကို စားသုံးသူတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီထံ အပ်နှံပါတယ်။ သူတို့ကတစ်ဆင့် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက အသင်းအဖွဲ့နဲ့ တာဝန်ရှိသူတွေထံ ဖြန့်ဝေပြီး စားသုံးသူထံ ဖြန့်ဖြူး ရောင်းချပေးပါတယ်။ စားသုံးဆီတင်သွင်းမှုကဏ္ဍမှာ လုံလောက်မှု ရှိပါတယ်။ နိုင်ငံတော်အပိုင်းကလည်း စားသုံးဆီအပြည့်အဝ တင်သွင်းဖို့အတွက် ကူညီဆောင်ရွက်ပေးနေပါတယ်။ စားသုံးသူ တွေအနေနဲ့ ကောလာဟလတွေကြားပြီး မလိုအပ်ဘဲစုဆောင်းတာမျိုး မလုပ်သင့်ပါဘူး။ စားသုံးဆီကိုလျှော့ပြီး စားသုံးသင့်ပါတယ်။ နိုင်ငံတော်က ပြည်တွင်းစားသုံးဆီ ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးနဲ့ စားသုံးဆီတွေ စနစ်တကျ တင်သွင်းရေးအပိုင်းမှာ အကောင်းဆုံးဖြစ်အောင် ကူညီဆောင်ရွက်ပေးနေပါတယ်။ ဒါ့အပြင် ဆီထွက်သီးနှံနဲ့ စားသုံးဆီကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းဆောင်ရွက်ပြီး ပြည်ပအထိ တင်ပို့နိုင်ဖို့အတွက် ကြိုးစားနေတဲ့အပြင် နိုင်ငံတော်ကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍနဲ့ အသင်းတို့ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းမှ တိုးတက်အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။
ဦးအောင်ရွှေ (ငွေသဇင်မင်း မြေပဲဆီသန့်လုပ်ငန်းရှင်)
ကုန်ကြမ်းတွေ ရှားပါးပြီး ဈေးတက်တဲ့အပိုင်းတွေကြောင့် ကုန်ကြမ်းမှာ ခက်ခဲမှုအနည်းငယ်ရှိတယ်။ နိုင်ငံတော်ကလည်း ဆီထွက်သီးနှံတွေကို ဖူလုံစွာ ထုတ်လုပ်နိုင်အောင် ပံ့ပိုးဆောင်ရွက်နေပါတယ်။ နိုင်ငံတော်အပိုင်းကလည်း အသေးစား၊ အငယ်စား၊ အလတ်စားစက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး MSMEလုပ်ငန်းတွေကို ဦးစားပေးနေတာတွေ့ရပါတယ်။ ပြည်တွင်းမှာရှိတဲ့ MSME လုပ်ငန်းတွေ ရှင်သန်ဖွံ့ဖြိုးမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာပါ။ ပြည်ပကတင်သွင်းတဲ့ စားသုံးဆီ ကဈေးသက်သာတော့ စားသုံးသူတွေအတွက်လည်း အဆင်ပြေပါတယ်။ မြေပဲဆီရောင်းဈေးက မြင့်နေတဲ့အတွက် ဝယ်ယူသုံးစွဲဖို့ အဆင်မပြေဘူး။ ပြည်တွင်းမှာရှိတဲ့ မြေပဲဆီ၊ နေကြာဆီ၊ နှမ်း ဆီဟာ ကျန်းမာရေးနဲ့ညီညွတ်ပေမယ့် ထုတ်လုပ်မှုလျော့ပါးလာပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသုံးဆီကို ဖူလုံစွာထုတ်လုပ်နိုင်မယ်ဆိုရင် ပြည်တွင်းထုတ်ကုန်ကိုပဲ ဖူလုံစွာစားသုံးနိုင်ကြမှာပါ။ စားသုံးသူလက်လှမ်းမီတဲ့ စားအုန်းဆီကိုပဲ အခြေခံစားသုံးသူတွေ သုံးစွဲနေပြီး နိုင်ငံတော်ကလည်း ပြည်တွင်းစားသုံးဆီ ဖူလုံအောင် အစဉ်မပြတ်ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဆီစက်ပိုင်ရှင်တစ်ဦး အနေနဲ့ မိမိလုပ်ငန်းကိုဆောင်ရွက်ရာမှာ နိုင်ငံတော်အကျိုး၊ ပြည်သူအကျိုး၊ တိုင်းပြည်အကျိုးဆိုတဲ့ အမျိုးသားအကျိုးစီးပွားကို တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်သွားမှာပါလို့ ပြောကြားလိုပါတယ်။
ဒေါ်မိုးမိုးတင်
(လသာမြို့နယ် စားသုံးဆီ လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချသည့် ဆီကိုယ်စားလှယ်)
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ကျွန်မတို့အတွက် ရောင်းချပေးတဲ့ ခွဲတမ်းကို လသာမြို့နယ်က စားသုံးသူတွေလက်ဝယ် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးနေပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေ စီစဉ်ပေးမှုအရ နေ့စဉ်စားသုံးသူတွေ အဆင်ပြေအောင် သက်သာတဲ့ ဈေးနှုန်းနဲ့တိုက်ရိုက်ဝယ်ယူရရှိနိုင်အောင် တနင်္လာနေ့ကနေ စနေနေ့အထိ လက်လီ/ လက်ကား ရောင်းချပေးနေပါတယ်။ ပြည်ပကတင်သွင်းတဲ့ဆီကို မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး စားသုံးသူတွေလက်ထဲ တိုက်ရိုက်ရောက်ရှိအောင် ဆောင်ရွက်နေပါတယ်။ ပြည်ပကဆီတန်ချိန်တိုးသွင်းဖို့ရှိတယ်လို့ ကြားသိရတဲ့အတွက် ပြည်တွင်းစားသုံးမှုဖူလုံပြီး လုံလောက်ပိုလျှံလာမှာပါ။ ကျွန်မတို့အနေနဲ့ စားသုံးသူတွေကို တိုက်ရိုက်ဖြန့်ဖြူးရောင်းချရာမှာလည်း အဆင်ပြေစေအောင် ကူညီဆောင်ရွက်သွားမှာပါ။ ။
အင်တာဗျူး - မော်ညိမ်း
ဓာတ်ပုံ - ကနူး