Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှု မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မုခ်ဦးအနီး ယာဉ်ရပ်နားရန် နေရာဆောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၂၀

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပျဉ်းမနားမြို့နယ် ရွှေချီရပ်ကွက်အတွင်းရှိ (၆) လမ်းတံတားအနီးဝန်းကျင်နှင့် ငလိုက်ချောင်းတစ်လျှောက် သန့်ရှင်းသာယာရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ ဆရာမများနှင့် လူမှုရေးအသင်းအဖွဲ့များက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ငလိုက်ချောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်  အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူ (၁၀) ရပ်ကွက် လက်ပံခါးလှအတွင်းရှိ အမှတ် (၁၄၀) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းသာယာလှပစေရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ ဆရာမများနှင့် လူမှုရေးအသင်းအဖွဲ့များက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းပတ်ဝန်းကျင် အမြဲသန့်ရှင်းသာယာလှပစေရေးကို အလေးထားဆောင်ရွက်စေ လိုကြောင်းနှင့် လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်နှင့် အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် မြတ်မင်္ဂလာလမ်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မုခ်ဦးအနီး ယာဉ်ရပ်နားရန် နေရာဆောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းများကို သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများ ပြည့်မီစွာဆောင်ရွက်ရန်နှင့် အချိန်မီပြီးစီးစေရေး စနစ်တကျဆောင်ရွက်ရန်၊ ယာဉ်ရပ်နားရန် နေရာနှင့် ဘုရားအုတ်တံတိုင်းကြား အရိပ်ရပင်နှင့် အလှပန်းပင်များစိုက်ပျိုးရန်တို့ကို မှာကြားသည်။

ယင်းနောက် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ (MICC-I) တွင် ၂၀၂၃ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပရန်အတွက် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က လုပ်ငန်းခွင်ဆောင်ရွက်ရာတွင် မူလအဆောက်အအုံကို ထိခိုက်မှုမရှိစေရေး အထူးအလေးထားထိန်းသိမ်းဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်