Skip to main content

ရုပ်မြင်သံကြား ဖွံ့ဖြိုးတိုးတက်ရေးနည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် လေ့လာရေးခရီးစဉ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုလေ့လာ

နေပြည်တော် ဇန်နဝါရီ ၂၀

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဇန်နဝါရီ ၁၅ ရက်မှ ၁၉ ရက်ထိ Thai Com Co.,Ltd. မှ စီစဉ်ဆောင်ရွက်သည့် ရုပ်မြင်သံကြားဖွံ့ဖြိုးတိုးတက်ရေး နည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် လေ့လာရေးခရီးစဉ်သို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး ယမန်နေ့ညပိုင်းက ပြန်လည်ရောက်ရှိကြသည်။

ဦးစွာ Thai Com ရုံးချုပ်၌ CEO Mr. Patompob Suwansiri ဦးဆောင်သည့် တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ၎င်းတို့ကုမ္ပဏီအနေဖြင့် ဂြိုဟ်တုများ လွှတ်တင်ခဲ့မှု၊ စောင့်ကြည့်ထိန်းသိမ်းပြုပြင်မှုနှင့် ဆက်သွယ်ကြီးကြပ်မှု၊ သက်တမ်းရင့်ဂြိုဟ်တုများ စွန့်လွှတ်မှုနှင့် အသစ်များ ထပ်မံလွှတ်တင်မှု၊ ဒေသတွင်းနိုင်ငံများအတွက် အကျိုးပြုလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်မှု၊ ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်မှုနှင့် ရင်းနှီးမြှုပ်နှံဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထိုသို့ ရှင်းလင်းဆွေးနွေးမှုများအပေါ် MRTV မှ တာဝန်ရှိသူများက ဂြိုဟ်တုဝန်ဆောင်မှု သက်တမ်းတိုးငှားရမ်းလိုမှု၊ နှုန်းထားနှင့် ငွေပေးချေမှုစနစ်များ၊ OTT လုပ်ငန်း တိုးချဲ့ဆောင်ရွက်လိုမှုနှင့် စက်မှုပိုင်းဆိုင်ရာ ပစ္စည်းများ ပြုပြင်တပ်ဆင်ပေးစေလိုမှုတို့ကို ပြန်လည်မေးမြန်းဆွေးနွေးကြပြီး အမှတ်တရပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

ထို့နောက်Thai Com၊ Teleport and Dth Center၊ Globalstar၊ Satellite Gateway တို့တွင် လုံခြုံရေးစနစ်များအပါအဝင် လုပ်ငန်းစဉ်များ သတ်မှတ်ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုလေ့လာကြသည်။

Thai Com Co., Ltd. သည် ကိုယ်ပိုင်ဂြိုဟ်တုရှစ်လုံး လွှင့်တင်ပြီး ဂြိုဟ်တုနည်းပညာဖြင့် ရုပ်သံလိုင်းများ ထုတ်လွှင့်ပေးခြင်း၊ ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအပါအဝင် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်စသည့် နိုင်ငံများမှ အစိုးရနှင့်ပုဂ္ဂလိက ရုပ်သံနှင့်နည်းပညာလုပ်ငန်းများက ငှားရမ်းသုံးစွဲလျက်ရှိကြသည်။

ထို့နောက် ထိုင်းနိုင်ငံတွင် ပြည်သူဝန်ဆောင်မှု ရုပ်သံလွှင့် လုပ်ငန်းပုံစံနှင့်အညီ လုပ်ငန်းဆောင်ရွက်နေသည့် Public Broadcasting Television (PBS TV)သို့ သွားရောက်လေ့လာကြပြီး လွတ်လပ်သည့် ရန်ပုံငွေထည့်ဝင်ရရှိမှု၊ ကြော်ငြာလုပ်ငန်းကဲ့သို့ ဝင်ငွေရှာဖွေရေးလုပ်ငန်းများနှင့် ဖျော်ဖြေရေးအစီအစဉ်များမရှိဘဲ သတင်းနှင့် အစီအစဉ်များဖြင့်သာ လုပ်ငန်းများ ကန့်သတ်ဆောင်ရွက်နေမှု၊ OTT လုပ်ငန်းများ တိုးမြှင့်၍ ခေတ်ပေါ်စတူဒီယိုအပါအဝင် နည်းပညာပြောင်းလဲ တိုးတက်ဆောင်ရွက်နိုင်မှုတို့ကို ကြည့်ရှုလေ့လာကြပြီး အမှတ်တရပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

အဆိုပါ PBS TV သည် ရုပ်သံ လိုင်း ၁၁ လိုင်းဖြင့် နိုင်ငံတစ်ဝန်းသို့ DVB-T2 နှင့် DTH စနစ်တို့အပြင် Social Media များဖြင့်လည်း လွှင့်တင်လျက်ရှိသည်။

ယင်းနောက် ထိုင်းနိုင်ငံအစိုးရ ပိုင် ရုပ်သံလွှင့်လုပ်ငန်း National Broadcasting of Thailand (NBT-TV) သို့ သွားရောက်ပြီး Radio Thailand ၏ (၉၄) နှစ်တာ ကာလနှင့် NBT TV၏ (၃၅) နှစ် တာကာလအတွင်း သတင်းနှင့် Infotainment၊ Edutainment အစီအစဉ်များကို နည်းပညာရပ်များ ပြောင်းလဲတိုးတက်မှုနှင့်အညီ OTT အပါအဝင် Radio&TV တို့ ယှဉ်ပြိုင်၍ လိုက်ပါလုပ်ဆောင်နေမှုတို့ကို ရှင်းလင်းဆွေးနွေးကြသည်။ ဆက်လက်၍ ရိုက်ကူးရေးနှင့် အသံသွင်းစတူဒီယိုများအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု လေ့လာကြသည်။

ထိုင်းနိုင်ငံ NBT TV နှင့် Radio Thailand တို့သည် နိုင်ငံပိုင် Channel များဖြစ်ပြီး နိုင်ငံတစ်ဝန်း သို့ DVB-T2 နှင့် DTH စနစ်တို့ဖြင့် ထုတ်လွှင့်လျက်ရှိရာ NBT-TVမှ Digital စနစ်ဖြင့် ရုပ်သံလိုင်း ၁၅ လိုင်း ထုတ်လွှင့်ပေးလျက်ရှိသည်။

ထို့ပြင် The National Broadcasting and Telecom-munications Commission ၏ အစီအစဉ်ဖြင့် လှိုင်းနှုန်း Frequency များ ခွဲဝေကြီးကြပ်မှုအပေါ် The Public Relations Department က တာဝန်ခံ၍ ပုဂ္ဂလိက ရုပ်သံလိုင်းများအပါအဝင် DVB-T2 & DTH၊ Radio၊ FM လှိုင်းနှုန်းများကို မျှဝေဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုလေ့လာကြပြီး MRTVနှင့် MoU ချုပ်ဆိုထားရှိမှုအပေါ် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေးဆွေးနွေးကြသည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် လေ့လာရေးအဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ညပိုင်းတွင် ပြန်လည်ရောက်ရှိကြသည်။

သတင်းစဉ်