နေပြည်တော် ဇန်နဝါရီ ၂၀
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ဓမ္မာရုံ၌ ဥပ္ပါတသန္တိကျမ်းမြတ်ကြီးကို ရွတ်ဖတ်ပူဇော် နေကြသော ဘာဏကဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေနှင့် ဥပ္ပါတသန္တိကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းသည်။ ဥပ္ပါတသန္တိကျမ်းမြတ်ကြီးကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၅ရက် မှစ၍ ၁၀၈ ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်လျက်ရှိရာ ယခုအခါ ၇၇ ရက် ရှိပြီဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်ရှိ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသဆရာတော်ဘုရားကြီး၏ ကျောင်းတော်၊ ဝဇိရာနန္ဒသုဗောဓာရုံ ကျောင်းတိုက်သို့ သွားရောက်၍ တိုက်အုပ်ဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇောတိဝရအား ဖူးမြော်ကြည်ညိုသည်။ ယင်းနောက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ဥပ္ပါတသန္တိကျမ်းစာအုပ်များနှင့် ဇာတက ဌကထာ (ငယ်၊ လတ်၊ ကြီး) စာအုပ်များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ ကျွဲရှင်းကျေးရွာ၊ မဏိဇောတိကကျွဲရှင်းကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတိုက်ပဓာနနာယက၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တပဒုမအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဥပ္ပါတသန္တိကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါကျောင်းတိုက်တွင် ဇန်နဝါရီ ၁၇ ရက်မှစတင်၍ ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်နေမှုများကို ကြည်ညိုခဲ့ကြောင်း သိရသည်။
သတင်းစဉ်