နေပြည်တော် ဇန်နဝါရီ ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ သမဝါယမစာရင်းရေးစာရင်းကိုင်သင်တန်းကျောင်းသို့ သွားရောက်၍ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများကို သမဝါယမအသင်းအဖွဲ့စနစ်ဖြင့် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အသင်းသားတောင်သူများ လိုအပ်သည့် သွင်းအားစု၊ မျိုး၊ မြေဩဇာများအား ရာသီအချိန်မီ ထောက်ပံ့ပေးရေး၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး MSMEs လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village One Product-OVOP) ထုတ်လုပ်နိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အရည်အသွေး ပြည့်မီစွာ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရေး၊ ဝန်ထမ်းသက်သာချောင်ချိရေးအတွက် တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားပြီး ဦးစီးဌာနအလိုက် ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံရာ သင်တန်းကျောင်းအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြပြီး ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းကာလ ၂ နှစ် ပြည့်မြောက်မည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သတ်မှတ်အရည်အချင်းပြည့်မီပါက သမဝါယမကောလိပ်နှင့် တက္ကသိုလ်များသို့ ဆက်လက်ပေါင်းကူးတက်ရောက်နိုင်ကြောင်း၊ ကျန်ရှိသည့် ကျောင်းသား၊ ကျောင်သူများကိုလည်း အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်း၏ဂုဏ်ကို ဆောင်နိုင်သည့် စည်းကမ်းရှိသော ကျောင်းသား၊ ကျောင်းသူများ၊ နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် ကြိုးစားကြရန် မှာကြားပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။