နေပြည်တော် ဇန်နဝါရီ ၁၉
ကရင်ပြည်နယ် မြို့နယ်များအတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ၄၃ ဦး၊ အုပ်ချုပ်သူငါးဦး စုစုပေါင်း ၄၈ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။
ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ကျောက်စာရုံစေတီ တော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှုအခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှုဗီဒီယို မှတ်တမ်းကို ပြသသည်။
ထို့နောက် ဘုရားဖူးလာ ဂေါပကအဖွဲ့ဝင်များက ယခုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေ ချောမွေ့စွာ လာရောက်ဖူးမြော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေး မှုများနှင့် ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ် ရှင်းလင်းပြောကြားပေးမှုများအပေါ် ကျေးဇူးတင်စကားများ ပြောကြားကြသည်။ ယင်းနောက် ဘုရားဖူးလာ ဂေါပကအဖွဲ့ဝင်များက ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှုအခြေအနေနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်းဖြေကြား သည်။
ယင်းနောက် ဂေါပကအဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။ ဆက်လက်၍ ဘုရားဖူးလာ ဂေါပကအဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိမော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ပုံစံငယ် ပြသထားမှု၊ မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိကအဆောက်အအုံများကို ဖူးမြော်လေ့လာ ကြည်ညိုခဲ့ကြသည်။
ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိသည်။
ယနေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ခဲ့ကြသည့် ဂေါပကအဖွဲ့ဝင်များ၏ ရင်တွင်းစကားသံများအား ယခုလို ကြားသိခဲ့ရပါသည်-
ဦးအောင်သူဝင်း
ဒုတိယညွှန်ကြားရေးမှူး
ကရင်ပြည်နယ်သာသနာရေး
ကရင်ပြည်နယ်မှ ဂေါပကအဖွဲ့တွေကို စုစည်းပြီး မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ဖို့အတွက် ဂေါပကအဖွဲ့ စုစုပေါင်း ၄၈ ဦးကို ဦးဆောင်ပြီး ကရင်ပြည်နယ်မှ လာရောက်ခဲ့တာပါ။ အခုလို လာရောက်ရတာကတော့ အမျိုးသားရေးစိတ်ဓာတ် ပိုမိုနိုးကြားတက်ကြွစေရန်၊ လက်မှု လက်ရာတွေဖြစ်တဲ့ မြန်မာယဉ်ကျေးမှုလက်ရာတွေကို လေ့လာနိုင်စေရန် ရည်ရွယ်ပြီး လာရောက်ခဲ့တာပါ။ ကျွန်တော့်အနေနဲ့ကတော့ ဒါပထမဆုံး လာရောက်ဖူးမြော်ရတာပါ။ အချိန် တိုအတွင်းမှာ စကျင်ကျောက်တုံးကြီးကို ကမ္ဘာ့အကြီးမားဆုံး ဉာဏ်တော်အမြင့်ဆုံးရုပ်ပွား တော်ကြီးကို ခေတ်မီနည်းပညာတွေနဲ့ ရှေးမူမပျက် ထုဆစ်ပုံဖော် ထားတာတွေ့ရတော့ သာသနာအတွက် ဂုဏ်ယူမိတဲ့အပြင် ဆောင်ရွက်လုပ်ဆောင်နိုင်အောင် လမ်းညွှန်စီစဉ်ဆောင်ရွက်ပေးသူတွေအားလုံးကိုလည်း လေးစားမိပါတယ်။ အခုလိုခရီးစဉ်ကို မကြာခဏဆိုသလို စီစဉ်ဆောင်ရွက်ပေးနိုင်ရင် ကောင်းပါတယ်။ အခုဆိုရင် ဂေါပကတွေက အကုန်နီးပါး အသက် ၇၀ ကျော်တွေက များပါတယ်။ ဒီကိုရောက်ရှိဖို့ဆိုတာကလည်း တစ်ခါမှ မစဉ်းစားမိခဲ့ပါဘူး။ အားလုံးက ကြည်နူးဝမ်းသာမိကြပါတယ်။ စီစဉ်ဆောင်ရွက်ပေးသူတွေကိုလည်း သူတို့ကိုယ်စား အများကြီးကျေးဇူးတင်ပါကြောင်း ပြောလိုပါတယ်။
ဦးရဲထွန်း ရွှေမြင်းဝန်စေတီ
ဂေါပက အတွင်းရေးမှူး
မာရဝိဇယ ဘုရားကြီးကို လာရောက်ဖူးချင်နေတာကြာပါပြီ။ တီဗွီမှာတော့ တွေ့မြင်ခဲ့ရပါတယ်။ ကိုယ်တိုင်ရောက်ရှိတော့မှပဲ ဒီလောက်ထိအောင် အမျိုးဘာသာသာသနာအတွက် ကြီးကျယ်ခမ်းနားစွာ တည်ဆောက်ထားတာ တွေ့ရတော့ ဝမ်းသာပီတိဖြစ်ရပါတယ်။ ဒီနေရာကို ရောက်ရှိဖို့ အတွက် ဆောင်ရွက်ပေးတဲ့ မြဝတီမြို့နယ်မှ အကြီးအကဲများနဲ့ ပြည်နယ်အစိုးရအဖွဲ့ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ အခုလက်တွေ့မှာတော့ တီဗွီမှာ ကြည့်ရတာထက် အဆပေါင်းများစွာ တည်ဆောက်မှု၊ ခမ်းနားမှု၊ တင့်တယ်မှု၊ အနုပညာလက်ရာ ကောင်းမှုတွေကို မျက်ဝါးထင်ထင် တွေ့မြင်ရတဲ့အတွက် ကျွန်တော့်သက်တမ်းမှာဆိုရင်တော့ ဒါမျိုးမကြုံဖူးခဲ့ပါဘူး။ ကမ္ဘာကတောင် အသိအမှတ်ပြုပြီး အမျိုးဘာသာသာသနာအတွက် ဂုဏ်ယူလောက်အောင်ဖြစ်မိတဲ့အပြင် အခုပြောရင်းနဲ့ပင် ဝမ်းသာဂုဏ်ယူပီတိဖြစ်မိပါတယ်။
ဦးစောအုန်းတင်
စေတီသုံးဆူညီနောင်
ဂေါပကအတွင်းရေးမှူး
စေတီသုံးဆူညီနောင်ကတော့ ရှေးဟောင်းသမိုင်းဝင်စေတီတော်တွေဖြစ်တဲ့အတွက် ခေတ်အဆက်ဆက်က ဆရာတော်ကြီးတွေ၊ ဂေါပကအဖွဲ့တွေကနေ ထိန်းသိမ်းခဲ့တာပါ။ အခုဆို မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်လေ့လာရတဲ့အတွက် ခေတ်မီနည်းပညာတွေနဲ့ တည်ဆောက်မှုလုပ်ငန်း၊ ထိန်းသိမ်းဆောင်ရွက်နေမှုတွေကို တွေ့မြင်ရတော့ အတုယူဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တွေ၊ ဂေါပကရုံးတွေစသည်အားဖြင့် စနစ်တကျ ပြန်လည်ဖွဲ့စည်းပြီး ဆောင်ရွက် လုပ်ဆောင်သွားမှာပါ။ လာရောက်ဖူးမြော်ချင်နေတာတော့ ကြာပါပြီ၊ အခွင့်အရေးလည်း မသင့်၊ အကြောင်းလည်း မတိုက်ဆိုင်တဲ့အတွက် ပြည်နယ်အစိုးရအဖွဲ့ကနေ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်မိပါတယ်။
ဦးစောစံတင် ဂေါပကအဖွဲ့
နိုင်ငံတော်ရဲ့ စီမံလမ်းညွှန်မှု၊ ပြည်နယ်အစိုးရအကြီးအကဲတွေရဲ့ စီစဉ်ဆောင်ရွက်ပေးမှုနဲ့ မာရဝိဇယဘုရားကြီးကို အခုလိုလာရောက်ဖူးမြော်ခွင့်ရတဲ့အတွက် ကြည်နူးဝမ်းသာ မိပါတယ်။ လာရောက်ရမယ်လို့လည်း မျှော်လင့်မထားခဲ့ပါဘူး။ လာရောက်ဖူးမြော်ခွင့်ရအောင် စီစဉ် ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း အထူးကျေးဇူးတင်မိပါတယ်။ အခုဆို မာရဝိဇယဘုရားကြီးက ထုဆစ်ပုံဖော်မှု အနုပညာလက်ရာ၊ ရှေးမူမပျက် တည်ဆောက်ထားမှုတွေကတော့ အခုခေတ်နှင့် ရှေးမူမပျက် ပေါင်းစပ်ပုံဖော်မှုတွေကဖြင့် ကမ္ဘာကပင် အတုယူလေးစားလောက်တဲ့ လက်ရာတွေပါ။ ဒါကလည်း အများအားနဲ့ စုပေါင်းလှူဒါန်းပေမယ့်လည်း နိုင်ငံတော်ရဲ့ စီမံဆောင်ရွက်မှုတွေက အဓိကကျလှပါတယ်။ လေးစားအတုယူစရာ ကောင်းလှပါတယ်လို့ပဲ ပြောချင်ပါတယ်။
ဦးလှကြိုင် ရွှေရင်မျှော်ဘုရား
ဂေါပကအတွင်းရေးမှူး
လာချင်နေတာတော့ ကြာပါပြီ။ ပြည်နယ်အစိုးရရဲ့ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ဖူးမြော်ရတာ အများကြီး ဝမ်းသာပါတယ်။ အခုလို လာရောက်ရတဲ့အတွက် ဘုရားလည်းဖူးရ၊ အတုယူစရာတွေလည်း အများကြီး တွေ့ရပါတယ်။ နိုင်သလောက်ဆိုသလို မြို့ကျက်သရေဆောင်ရွှေရင်မျှော်ဘုရားကြီးကို ဘယ်လိုရှေ့ဆက်လုပ်ဆောင်ရမယ်ဆိုတာကို သိရပါတယ်။ ခရီးစဉ်ကို စီစဉ်ဆောင်ရွက်ပေးတဲ့ နိုင်ငံတော်အကြီးအကဲတွေကို အထူးကျေးဇူးတင်ပါတယ်။
ဦးလှဌေး
ကျောက်ကလတ်ဘုရားဂေါပက
ကရင်ပြည်နယ်အစိုးရအဖွဲ့ကနေ ဆောင်ရွက်ပေးမှုနဲ့အတူ မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ခွင့်ရရှိတာပါ။ ပြည်နယ်၊ တိုင်းဒေသကြီးက ဂေါပကအဖွဲ့တွေလည်း အလှည့်ကျ လာရောက်ဖူးမြော်ကြတာတွေကို တီဗွီသတင်းမှာကြည့်ပြီးလာရောက်ဖူးမြော်ချင်နေတာပါ။ အခုလို ကိုယ်တိုင်ကိုယ်ကျ လာရောက်ရတဲ့အတွက် တွေ့မြင်ရတဲ့ မြင်ကွင်းက ကြည်နူးမိတဲ့အပြင် တည်ဆောက်ထားတဲ့သူတွေအားလုံးကိုလည်း လေးစားမိပါတယ်။ နိုင်ငံတိုင်းမှာ မိမိတို့ ကိုးကွယ်ယုံကြည်ရာတွေ အမျိုးမျိုး ရှိကြပါတယ်။ မြန်မာလူမျိုးတို့ အတွက်ကတော့ မိမိကိုးကွယ်ရာ၊ ယုံကြည်ရာ အထွတ်အမြတ်ဖြစ်တဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို စကျင်ကျောက်ဖြင့် ထုဆစ်ပုံဖော်တည်ဆောက်ပြီး ကမ္ဘာ့အကြီးမားဆုံး ထိုင်တော်မူရုပ်ပွားတော်မြတ်ကြီးကို အချိန်တိုကာလတိုအတွင်းမှာ တည်ဆောက်နိုင်ခဲ့တာက ကမ္ဘာကပင် လေးစားဂုဏ်ယူ လောက်ပါတယ်။
ကျော်လွင်(မြဝတီ)