နေပြည်တော် ဇန်နဝါရီ ၁၉
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk)၏ အမှတ်စဉ် (၄၃) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပသည်။
တက်ရောက်
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ဆွေးနွေးမည့် ခေါင်းစဉ်ပါ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်သည် အာဆီယံ ၁၀ နိုင်ငံနှင့် ဆွေးနွေးဖက်ငါးနိုင်ငံဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်နှင့် ဩစတြေးလျနိုင်ငံတို့ ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် လက်မှတ်ရေးထိုးထားသော ၁၅ နိုင်ငံစာချုပ်ဖြစ်ကြောင်း၊ အဆိုပါစာချုပ်သည် ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ GDP ၏ ၃၀ ရာခိုင်နှုန်းကို လွှမ်းခြုံပါကြောင်း၊ ယင်းစာချုပ်အရ မြန်မာနိုင်ငံအပါအဝင် RCEP အဖွဲ့ဝင်နိုင်ငံများအကြား တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အကောက်ခွန်နှုန်းထားများသတ်မှတ်ခြင်း၊ ပုံမှန်ကုန်သွယ်ရေး (Normal Trade) ဆောင်ရွက်ခြင်း၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးဆောင်ရွက်ခြင်း၊ ပို့ကုန်သွင်းကုန်ဆိုင်ရာကိစ္စရပ်များတွင် Code System ဖြင့်ဆောင်ရွက်ခြင်း၊ Single Window System ဖြင့် သွင်းကုန်ထုတ်ကုန် မြန်ဆန်ချောမွေ့စေရေးဆောင်ရွက်ခြင်း၊ အီလက်ထရောနစ် (Electronic) နည်းပညာဖြင့် စိစစ်ထိန်းချုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ဆွေးနွေးချက်ကို သေချာစွာသိရှိနားလည်ပြီး မိမိနိုင်ငံတွင် ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို နားလည်သိမြင်လာစေရန် အသိပညာ ဗဟုသုတဖြန့်ဝေပေးနေခြင်းဖြစ်သည့်အတွက် တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာဖြင့် ပါဝင်ဆွေးနွေးသွားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဝင်းက တရုတ်နိုင်ငံတွင် တက်ရောက်ခဲ့သည့် “ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်အောက်ရှိ နယ်စပ်ဖြတ်ကျော်ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ရာမှ ရရှိခဲ့သည့် နည်းလမ်းများကို အသိပညာမျှဝေဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများက နိုင်ငံဖွံ့ဖြိုးမှုအတွက် အဓိကလုပ်ဆောင်ရမည့်အချက်များ၊ အဂတိကင်းရှင်းရေးဆောင်ရွက်ရန်အချက်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ကျေးလက်နှင့်မြို့ပြကွာဟမှုကျဉ်းမြောင်းစေရေးနှင့် ဆင်းရဲမှုလျော့ကျစေရေး ဆောင်ရွက်ချက်များနှင့် အသိပညာမျှဝေဆွေးနွေးမှုမှတစ်ဆင့် မိမိနိုင်ငံအတွက် အကျိုးရှိစေမည့်နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်