ရန်ကုန် ဇန်နဝါရီ ၁၉
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တိုင်းဒေသကြီးရုံးတွင် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (OWIC)ထုတ်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် တိုင်းဒေသကြီးတာဝန်ခံအရာရှိက ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC) စိစစ်ထုတ်ပေးသည့် လုပ်ငန်းစဉ်များနှင့် ပြည်ပနိုင်ငံများသို့သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအတွက် OWIC ကတ်ထုတ် ပေးနေမှုအခြေအနေကို ရှင်းလင်းတင်ပြသည်။
မရမ်းကုန်းမြို့နယ်ရှိ OWIC ကတ်ထုတ်ပေးရေးဌာနသည် ပြည်ပနိုင်ငံမှ ခွင့်ပြန်အလုပ်သမားများအတွက်သာ ထုတ်ပေးနေခြင်းဖြစ်ပြီး ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီအစီအစဉ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများနှင့် မိမိအစီအစဉ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ရွှေ့ပြောင်းအလုပ်သမား ဌာနစုတွင် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC)များကို စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိသည်။
၁၉၉၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ အေဂျင်စီအစီအစဉ်ဖြင့်လည်းကောင်း၊ မိမိအစီအစဉ်ဖြင့်လည်းကောင်း၊ ခွင့်ပြန်/PR ဖြင့်လည်းကောင်း ထိုင်းနိုင်ငံသို့ ၁၁၃၂၀၃၁ ဦး၊ စင်ကာပူနိုင်ငံသို့ ၅၅၂၅၅ ဦး၊ ကိုရီးယားနိုင်ငံသို့ ၆၆၃၈၇ ဦး၊ ဂျပန်နိုင်ငံသို့ ၆၄၇၂၀၊ မလေးရှားနိုင်ငံသို့ ၃၉၀၇၇၇ ဦး အပါအဝင် ပြည်ပနိုင်ငံ ၉၄ နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမား ၁၇ သိန်းကျော်ကို OWIC ကတ် ပြုလုပ်ခွင့်ပြု၍ စေလွှတ်ခွင့်ပြုပေးခဲ့ပြီးဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီးသို့ သွားရောက်၍ အလုပ်သမားဆေးရုံကြီးအတွင်း တိုးချဲ့ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ပြင်ပလူနာဌာနနှင့် ဆေးရုံကြီးတွင် အာမခံအလုပ်သမားလူနာများ ကျောက်ကပ်သန့်စင်ခြင်းလုပ်ငန်းများ ဝန်ဆောင်မှုဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ခေတ္တဆေးရုံအုပ်ကြီး၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရေး၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရေးနှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက်လိုအပ်သည့် အခန်းကဏ္ဍတွင် ပါဝင်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် ဌာနတစ်ခုဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသမှုဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်နှင့် ယခုထက်ပိုမို ထိရောက်အောင် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းမှာကြားပြီး လုပ်ငန်းလိုအပ်ချက်များ မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်